
(ပြည်တွင်း) မတ် ၁၈
မြန်မာနိုင်ငံတစ်ဝှမ်း နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ လျှပ်စစ်သုံးစွဲမှု မြင့်တက်လာခြင်းနှင့်အတူ လျှပ်စစ်ဓာတ်အား ဝန်အားမျှတခွဲဝေဖြန့်ဖြူးမှု (Planned Load Shedding) ကို မတ်လ ၁၈ ရက် ယနေ့မှစတင်၍ နေရာနှင့် အချိန်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်းသိရသည်။
လက်ရှိတွင် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှလျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ ၄,၆၆၄ မဂ္ဂါဝပ်ရှိနေသော်လည်း ဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းဖြစ်သော ၃,၆၀၀ မဂ္ဂါဝပ်ခန့်ကိုသာ ဖြန့်ဖြူးပေးနိုင်လျက်ရှိကြောင်းသိရသည်။
လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် ပျက်စီးသွားသော ဓာတ်အားလိုင်းများကို ပြန်လည်ပြင်ဆင်နေသကဲ့သို့ LNG သုံး ဓာတ်အားပေးစက်ရုံများမှလည်း တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်းလည်း သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစေရန်အတွက် ဆည်ရေဖြင့် လျှပ်စစ်ဓာတ်အားကို တိုးမြှင့်ထုတ်လုပ်ပေးခဲ့ရတာကြောင့် ဆည်ရေပမာဏကို ဇွန်လအထိ ထိန်းသိမ်းအသုံးပြုနိုင်ရန်အတွက် ယခုကဲ့သို့ အချိန်ပိုင်းခွဲဝေမှုများ ပြုလုပ်ရခြင်းဖြစ်ပြီး LNG သုံး ဓာတ်အားပေးစက်ရုံများမှ တိုက်ရိုက်ချိတ်ဆက်ထားသော လိုင်းများတွင်မူ ဝန်အားခွဲဝေမှုပြုလုပ်မည်မဟုတ်ဘဲ ပုံမှန်အတိုင်း ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန် စီစဉ်နေပြီး လက်ရှိအခြေအနေအရ ဖြစ်ပေါ်လာသည့် ဝန်အားမျှတခွဲဝေမှုအပေါ် ပြည်သူများအနေဖြင့် နားလည်ပေးရန်နှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျ ချွေတာသုံးစွဲပေးကြပါရန် မေတ္တာရပ်ခံထားကြောင်းလည်း သိရသည်။