ရန်ကုန်မြို့ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာမှု အခြေအနေများ အသိပေးထုတ်ပြန်

(ပြည်တွင်း) မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့အတွင်း ဝန်းကျင်လေထုအရည်အသွေးကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာဆန်းစစ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ထုတ်ပြန်ချက်အရ ရန်ကုန်မြို့အတွင်း သတ်မှတ်ထားသော တိုင်းတာမှတ် (၃)နေရာတွင် Ambient Air Quality Monitoring Station with Mobile Car (AQMS Mobile Car) နှင့် Compact Air Quality Monitoring Station (AQM 65) စက်များကို အသုံးပြု၍ လေထုအရည်အသွေးကို တိုင်းတာလျက်ရှိသည်ဟု သိရသည်။

ထိုသို့ တိုင်းတာရာတွင် Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide (SO2)၊ Nitrogen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter (၆)မျိုးကို ၂၄ နာရီပတ်လုံး စဉ်ဆက်မပြတ် စောင့်ကြည့်တိုင်းတာနေကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် လေထုအရည်အသွေးအပေါ် သက်ရောက်မှုရှိနိုင်သော အချက်များအနေဖြင့် လေထုအပူချိန်၊ လေတိုက်နှုန်းနှင့် လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအနေများအပြင် မော်တော်ယာဉ်အသုံးပြုမှု၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်များ ပျံ့လွင့်မှုနှင့် စက်ရုံများမှ ထုတ်လွှတ်သော အခိုးအငွေ့များ စသည်တို့ပါဝင်ကြောင်း သိရသည်။

ထို့ကြောင့် တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးအချက်အလက်များမှာ တိုင်းတာနေရာအနီးရှိ ပတ်ဝန်းကျင်အခြေအနေများအပေါ်မူတည်၍ ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ကြောင်းလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သုံးသပ်ထုတ်ပြန်ထားသည်။