အာဖဂန်နစ္စတန်ရှိ ဆေးရုံတစ်ရုံကို ပါကစ္စတန်လေတပ်က တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၀၀ အထိ ရှိလာနိုင်ဟုဆို

(နိုင်ငံတကာ) မတ် ၁၈

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့ရှိ ဆေးရုံတစ်ရုံကို ပါကစ္စတန်လေတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ လူ ၄၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း အာဖဂန်အစိုးရ တာဝန်ရှိသူတစ်ဦးက မတ်လ ၁၇ ရက်တွင် ပြောကြားလိုက်သည်။

ဖြစ်စဉ်မှာ မတ်လ ၁၆ ရက် ည ၉ နာရီဝန်းကျင်တွင် ပါကစ္စတန်လေတပ်သည် ကဘူးလ်မြို့ရှိ “အိုမစ်” (Omid) မူးယစ်ဆေးဖြတ်ကုသရေး ဆေးရုံကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ ဒဏ်ရာရရှိသူ ၂၅၀ ခန့်ရှိနေကြောင်း အာဖဂန်အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာဖီထရတ်က လူမှုကွန်ရက်မှတစ်ဆင့် အတည်ပြုထုတ်ပြန်ထားသည်။

ခုတင် ၂၀၀၀ ဆံ့ အဆိုပါဆေးရုံကြီးမှာ တိုက်ခိုက်မှုကြောင့် အကြီးအကျယ် ပျက်စီးသွားခဲ့ပြီး အပျက်အစီးများအောက်တွင် ပိတ်မိနေသူများရှိနေသဖြင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း သတိပေးထားသည်။

လက်ရှိတွင် ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံအတွင်း မီးငြိမ်းသတ်ခြင်းနှင့် ရုပ်အလောင်းများ ရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

သို့သော် ပါကစ္စတန်အစိုးရဘက်ကမူ အာဖဂန်အစိုးရ၏ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး ၎င်းတို့အနေဖြင့် အကြမ်းဖက်သမားများ၏ အခြေခံအဆောက်အအုံများနှင့် လက်နက်တိုက်ကဲ့သို့သော စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။

ပြီးခဲ့သည့် လကုန်ပိုင်းမှစတင်၍ နှစ်နိုင်ငံနယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့အကြား စစ်ရေးတင်းမာမှုများ သိသိသာသာ မြင့်တက်နေခြင်းဖြစ်သည်။

ယခုဖြစ်စဉ်သည် ဒေသတွင်း တည်ငြိမ်ရေးကို ပိုမိုထိခိုက်လာနိုင်သဖြင့် နိုင်ငံတကာက စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။