(နိုင်ငံတကာ) မတ် ၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးပြုလုပ်ရာတွင် နေတိုးစစ်စခန်းတွေကို အသုံးပြုခွင့်မပေးတာကြောင့် စပိန်နိုင်ငံနဲ့ ကုန်သွယ်မှုအားလုံးကို ရပ်တန့်ပြစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။
မနေ့ကအိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က “စပိန်ဟာ အလွန်ဆိုးရွားပြီး အခုလိုလုပ်နေမယ်ဆို အမေရီကန်နိုင်ငံအနေနဲ့ စပိန်ရဲ့ ကုန်သွယ်မှုအားလုံးကို ဖြတ်တောက်ရမည်ဖြစ်ပြီး စပိန်နဲ့ မည်သည့်အရာမျှ မပတ်သက်လိုတော့ကြောင်း” သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ထရမ့်အပြင် အမေရီကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessentကပါ အမေရိကန်နိုင်ငံဟာ စပိန်ကနေ တင်သွင်းတဲ့ ထုတ်ကုန်တွေအပေါ် တရားဝင် ပိတ်ဆို့မှုတွေ ပြုလုပ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
စပိန်အစိုးရကတော့ အမေရိကန်အစိုးရအနေနဲ့ ကုန်သွယ်ရေးဆက်ဆံရေးကို ပြန်လည်သုံးသပ်ချင်တယ်ဆိုရင် ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နိုင်ငံတကာဥပဒေ၊ EUတို့နဲ့ အမေရိကန်အကြား နှစ်နိုင်ငံသဘောတူညီချက်တွေကို လေးစားရမယ်လို့ ပြောကြားခဲ့ပါတယ်။
စပိန်နိုင်ငံဝန်ကြီးချုပ် Pedro Sánchez က တနင်္ဂနွေနေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ “တရားမျှတမှုမရှိတဲ့ စစ်ရေးဝင်ရောက်စွက်ဖက်မှု” လို့ ပြောကြားခဲ့ပြီးနောက်မှာ ထရမ့်အနေနဲ့အခုလို ပြန်လည်ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်သန်းခေါင်စာရင်းဗျူရိုရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဟာ စပိန်ကို ဒေါ်လာ ၂၆ ဘီလီယံတန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေ တင်ပို့ခဲ့ပြီး အဲဒီကနေ တင်သွင်းမှုပမာဏဟာ ဒေါ်လာ ၂၁ ဘီလီယံခန့် ရှိခဲ့ကြောင်းသိရပြီး စပိန်ရဲ့ အမေရိကန်ကို အများဆုံးတင်ပို့တဲ့ ကုန်ပစ္စည်းတွေထဲမှာ ဆေးဝါးထုတ်ကုန်တွေနဲ့ သံလွင်ဆီတွေဖြစ်တယ်လို့သိရပါတယ်။
