မြစ်ကြီးနားလေဆိပ်ကို KIA အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့များက FPV suicide ဒရုန်းများဖြင့် တိုက်ခိုက်

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနား လေဆိပ်နှင့် အနီးဝန်ကျင်နေရာများသို့ KIA အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် FPV Suicide ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုအား လေကြောင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့သဖြင့် ယင်းဒရုန်းများအား ဟန့်တားနိုင်ခဲ့ခြင်းကြောင့် ဒရုန်းများ လေဆိပ်အတွင်း ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ ဒရုန်းများသည်လေယာဉ်ပြေးလမ်းနှင့် အနီးဝန်းကျင်နေရာများရှိ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ကြောင်း သိရသည်။

ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် အဆိုပါဒရုန်း ယာဉ်များတွင် ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ၊ လူ၊ အဆောက်အအုံနှင့် လေယာဉ်ပြေးလမ်းများ ထိခိုက် ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။