

(ပြည်တွင်း) ဇန်နဝါရီ ၂၂
တပ်မတော်(လေ)အနေနဲ့ သမားရိုးကျစစ်ပွဲအပြင် သမားရိုးကျမဟုတ်သောစစ်ပွဲတွေနဲ့ စိန်ခေါ်မှုတွေကို ခုခံတွန်းလှန်နိုင်ဖို့ ရည်မှန်းချက်ထားဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင်ကပြောဆိုလိုက်ပြီး နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်တွေကို ဆတက်ထမ်းပိုး စွမ်းစွမ်းတမံသယ်ပိုးဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။
မိတ္ထီလာမြို့၊ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်မှာ ဇန်နဝါရီ ၂၁ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်တဲ့ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၇) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲ အခမ်းအနားကို နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ ထွန်းအောင် တက်ရောက်မိန့်ခွန်းပြောကြားစဉ် ထိည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
သက်ဆိုင်ရာပျံသန်းရေးအုပ်အသီးသီးမှာ ရောက်ရှိ တာဝန်ထမ်းဆောင်ရာမှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် နိုင်ငံတော်နဲ့ ပြည်သူလူထု အကျိုးအတွက် လိုအပ်လာပါက ကျရာတာဝန်အသီးသီးကို ကျေကျေပွန်ပွန်ထမ်းဆောင်နိုင်ဖို့ စစ်ရေးအသင့်အမြဲရှိနေအောင် လေ့ကျင့်ပြင်ဆင်သွားကြဖို့ကိုလည်းမှာကြားခဲ့တယ်လို့ သိရပါတယ်။
စွမ်းအားပြည့်ဝတဲ့ ခေတ်မီတပ်မတော်(လေ)ဖြစ်စေရေး လေယာဉ် ရဟတ်ယာဉ်တွေ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ လက်နက်စနစ်တွေကို ဝယ်ယူဖြည့်တင်းခြင်း၊ သုတေသနပြု ထုတ်လုပ်ခြင်းတွေကို အလေးထားဆောင်ရွက်နေပြီး လေယာဉ်/ ရဟတ်ယာဉ်တွေနဲ့ လက်နက်စနစ်တွေကို မောင်းနှင်ကိုင်တွယ်အသုံးပြုရမှာြဖစ်လို့ ခေတ်မီနည်းပညာ တွေကို တတ်သိကျွမ်းကျင်နေပြီး စွမ်းအားပြည့်ထိထိရောက်ရောက် အသုံးပြုတိုက်ပွဲဝင်နိုင်ဖို့ စဉ်ဆက်မပြတ်လေ့လာပြီး သင်ခန်းစာဖော်ထုတ်လေ့ကျင့်ပြင်ဆင်သွားဖို့ လိုအပ်တယ်လို့လည်း ကာကွယ်ရေးဦးစီးချုပ်(လေ)ရဲ့ မိန့်ခွန်းမှာ ပါရှိပါတယ်။
အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ်ဖြစ်လာစေဖို့အတွက် တပ်မတော်(လေ)ရှိ ခေတ်မီလေယာဉ်/ရဟတ်ယာဉ်တွေကို ပျံသန်းမောင်းနှင်မယ့် အရည်အချင်း၊ အရည်အသွေးပြည့်မီတဲ့ လေသူရဲများမွေးထုတ်ပေးရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အညီ နိုင်ငံတော်နဲ့ တပ်မတော်အတွက် မျိုးဆက်သစ်လေသူရဲတွေကို လေယာဉ်မောင်းသင်ကျောင်းက လေ့ကျင့်မွေးထုတ်ပေးခဲ့တာလို့လည်း မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။