

(မှုခင်း) ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဘူတာရပ်ကွက်၊ စံပြ(၁)လမ်းရှိ ပိုင်ရှင် ဦးဝင်းထွန်းနိုင်(၄၉)နှစ်၏ (၄၅x၁၀၀)ပေ၊ သွပ်မိုး၊ သွပ်ကာ “အင်ကြင်းမုန့်ဖို”အဆောက်အဦတွင် ဇန်နဝါရီလ ၂၀ ရက်နေ့၊ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်ခန့်က မုန့်ကြော်ဖိုအတွင်း ဖွဲမီးထိုးထည့်ရာမှ မီးတောက် ထွက်သဖြင့် ရေပက်ဖြန်းရာ မုန့်ကြော်နေသည့် ဆီဒယ်အိုးထဲသို့ ပက်မိပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုနေရာသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၈)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄၀ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် စားအုန်းဆီ (၁၀၀)ပိဿာနှင့် (၁၀)ပေသွပ် (၄)ချပ် မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် မုန့်ဖိုအလုပ်သမား ဦးဟိန်းဇေယျာ(၂၆)နှစ်အား တိုက်ကြီးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။