
(ပြည်တွင်း) ဇန်နဝါရီ ၂၁
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) ကိုသွားရောက်ကာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်နေမှုတွေနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီက သဘောထားထုတ်ပြန်ကြေညာပါတယ်။
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဥပဒေရေးရာဝန်ကြီးနဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့ကနေ ဇန်နဝါရီလ(၂၉) ရက်နေ့အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ) ကိုသွားရောက်ကာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်နေခြင်းဟာ နိုင်ငံတစ်နိုင်ငံအနေနဲ့ တာဝန်ယူမှုရှိတဲ့လုပ်ရပ်တစ်ခုဖြစ်ပြီး နိုင်ငံတကာဥပဒေစည်းမျဉ်းတွေကို လိုက်နာလိုတဲ့ ဆန္ဒကိုလည်းဖော်ပြနေတာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီက သဘောထားထုတ်ပြန်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ နိုင်ငံတော်နဲ့ သက်ဆိုင်တဲ့ အငြင်းပွားမှုတွေကို တရားဥပဒေရဲ့မျှတမှုအပေါ် ယုံကြည်အခြေခံကာ ထိရောက်ပြတ်သားစွာ ရင်ဆိုင်ဖြေရှင်းနေမှုကိုအပြည့်အဝ ကြိုဆိုထောက်ခံတယ်လို့လည်းဆိုပါတယ်။
အခုလိုဆောင်ရွက်မှုဟာ ပကတိဖြစ်စဉ်မှန်တွေကို ပုံဖော်ပေးနိုင်သသို့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ပကတိဖြစ်စဉ်တွေအပေါ် သိရှိနားလည်စေမှာဖြစ်ပြီး ယုံကြည်မှုတည်ဆောက်ရေးအတွက်လည်း အရေးပါတဲ့ အခြေခံအချက်တစ်ရပ်ဖြစ်တယ်လို့ ယုံကြည်တယ်လို့လည်း သဘောထားထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ နိုင်ငံတော်ရဲ့ကိုယ်စား ICJ ကို သွားရောက်ကာ ဥပဒေအရ ရင်ဆိုင်ဖြေရှင်းနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ကြိုဆိုထောက်ခံ ဂုဏ်ပြုမှတ်တမ်းတင်အပ်ကြောင်းနဲ့ ပါတီအနေနဲ့ နိုင်ငံတော်ရဲ့ မူဝါဒသဘောထားတွေနဲ့ တစ်သားတည်းရပ်တည်နေတယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။