
(ပြည်တွင်း) ဒီဇင်ဘာ ၂၂
ပြည်ရေနံမြေသည် သဘောသဘာဝအရ ထုတ်ယူသုံးစွဲချိန် ကြာမြင့်လာသည့်နှင့်အမျှ အထွက်နှုန်းကျဆင်းလာသော်လည်း နိုင်ငံတကာတွင် နည်းပညာကိုအသုံးပြု၍ ရေနံမြေဟောင်းများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ဆက်လက်ထုတ်ယူနိုင်သည်ကို တွေ့ရှိရသည့်အတွက် အတုယူအားကျပြီး ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်သည်ဟု စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်မှ မှာကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုအား ထိခိုက်နစ်နာမှုမရှိစေရေးအတွက် မိမိတိုဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စေတနာထားပြီး ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း မှာကြားခဲ့သည်ဟု သိရသည်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒီဇင်ဘာ ၂၁ ရက်နေ့ ၌ ပြည်ရေနံမြေအစည်းအဝေးခန်းမတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ ပြည်ရေနံမြေမှ အရာထမ်း၊ အမှုထမ်းများ၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနလက်အောက်ရှိ ပဲခူးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ ပဲခူးမြို၏ ပြည်ရုံးခွဲ၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့မှာကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ရေနံမြေဒေသသည် အစဉ်အလာကောင်းခဲ့သည့် ရေနံမြေဟောင်းတစ်ခုဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ နှစ်မျိုးလုံးထွက်ရှိသည့် ရေနံမြေတစ်ခုဖြစ်ပြီး ယခုအခါ ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးစေရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။