
(ပြည်တွင်း) ဒီဇင်ဘာ ၂၂
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်သည် အင်ဂျင်နီယာလောကသားများအတွက် ၁၉၉၅ ခုနှစ်မှစတင်ခဲ့သော မြန်မာနိုင်ငံကိုယ်စားပြုအသင်းတစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် နှစ်(၃၀)ပြည့်မြောက်ခဲ့ပြီဖြစ်တာကြောင့် နှစ် (၃ဝ) ပြည့် ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း(ချုပ်) နှစ်(၃ဝ)ပြည့် ဂုဏ်ပြု ပွဲကို ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ အဆိုပါအသင်းချုပ် Function Hall ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်းချုပ်၏ “အင်ဂျင်နီယာစွမ်းအား ပြည်ထွန်းကား” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍများ၊ လူအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Knowledge Sharing Program လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစဉ်အမြဲ ဝိုင်းဝန်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း(ချုပ်) နှစ်(၃ဝ)ပြည့် ဂုဏ်ပြု ပွဲကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့က Video Message ပေးပို့၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နာယက ဦးဟန်ဇော်က ဂုဏ်ပြုစကားပြောကြားပြီး အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၏ နှစ်(၃၀)ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ယင်းနောက် ၁၉၉၅ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ နှစ်(၃၀)ပြည့် အခမ်းအနားကျင်းပရေးအတွက် မတည်အလှူရှင်များ၊ မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် အလှူရှင်များ၊ စာမူရှင်များနှင့် ပါဝင်ကူညီခဲ့သူများနှင့် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် စစ်ဆေးတိုင်းတာမှု လုပ်ငန်းများ ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။