
(နိုင်ငံတကာ) ဒီဇင်ဘာ ၉
ဂါဇာဒေသအပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်ဆွေးနွေးရန် ယခုလနှောင်းပိုင်းတွင် အမေရိကန်သမ္မတ ထရမ့် နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ဒီဇင်ဘာလ ၇ ရက်တွင် ပြောကြားသည်။
အမေရိကန်က ကမကထပြုသည့် အပစ်အခတ်ရပ်စဲရေးသည် ယခုနှစ်အောက်တိုဘာလ ၁၀ ရက်တွင် စတင် အသက် ဝင်လာခဲ့သော်လည်း အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေးချိုးဖောက်သည်ဟု အပြန်အလှန် စွပ်စွဲမှုများ ရှိခဲ့သည်။ ယခုဆောင်ရွက်မည့် အပစ်အခတ်ရပ်စဲရေးဒုတိယအဆင့်သည် ခက်ခဲကြောင်း ဂျေရုဆလင်သို့ အလည်အပတ်ရောက်ရှိနေသည့် ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရက်မာစ် နှင့်တွေ့ဆုံရာတွင် နေတန်ယာဟု က ပြောကြား ခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးရရှိရေးအတွက် သမ္မတ ထရမ့် နှင့် ဒီဇင်ဘာလကုန်တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု ၎င်းကပြောကြားသည်။
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးဒုတိယအဆင့်ကို လက်ရှိအချိန်တွင် ဆောင်ရွက်ရမည်ဖြစ်ပြီး နှစ်နိုင်ငံဖြေရှင်းချက်ကို ဂျာမနီက ထောက်ခံကြောင်း ဂျာမနီဝန်ကြီးချုပ်က ပြောကြားသည်။ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်တွင် ဟားမတ်စ်အဖွဲ့က ဓားစာခံ ၄၇ ဦးကို လွှတ်ပေးခဲ့သည်။
အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်သည် ခက်ခဲပြီး ၎င်းတွင် ဟားမတ်စ်အဖွဲ့ လက်နက်ဖြုတ်သိမ်းရေး၊ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာရေးနှင့် နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့များ တပ်စွဲရေးတို့ကို ဆောင်ရွက် ရမည်ဖြစ်သည်။
ဂါဇာဒေသတွင် အစ္စရေးက နယ်မြေများရယူခြင်းမှ အဆုံးသတ်ခဲ့ပါက ဟားမတ်စ်အနေဖြင့် လက်နက်ချမည်ဟု ဟားမတ်စ်ခေါင်းဆောင် ခါလီအယ်လ်ဟာရာ က ပြောသည်။ မိမိတို့ လက်နက်စွဲကိုင်ထားခြင်းသည် ဂါဇာဒေသတွင် အစ္စရေးက နယ်မြေများရယူခြင်းနှင့်သက်ဆိုင်ပြီး ၎င်းဒေသတွင် အစ္စရေးက နယ်မြေများရယူခြင်းမှ အဆုံးသတ်ပါက ဟားမတ်စ်အနေဖြင့် လက်နက်များကို တာဝန်ရှိသူ များထံ လွှဲပြောင်းပေးမည်ဟု ၎င်းကပြောသည်။
ဟားမတ်စ်အဖွဲ့သည် ယခင်က လက်နက်ချရန် ငြင်းဆန်ခဲ့ပြီး ၎င်းကဲ့သို့ ငြင်းဆန်ခြင်းကြောင့် ဂါဇာဒေသ ဒုတိယအဆင့်အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန် အခက်အခဲရှိနေသည် ဟု အစ္စရေးကပြောကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။