
(နိုင်ငံတကာ) ဒီဇင်ဘာ ၅
အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့်ထိုင်းနိုင်ငံတို့၌ မိုးအဆက်မပြတ်ရွာသွန်းမှု၊ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၁,၃၇၉ ဦးအထိရှိလာကြောင်း၊ ကယ်ဆယ်ရေးလုပ်သားများသည် ဒီဇင်ဘာလ ၂ ရက်က ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်း NHK သတင်းတွင် ဖော်ပြသည်။
အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းဆူမားတြားကျွန်း၌ သေဆုံးသူ ၇၄၄ ဦးရှိပြီး ပျောက်ဆုံးသူ ၅၅၁ ဦး ရှိသည်ဟု သိရသည်။
မြောက် ဆူမားတြားခရိုင်တွင် ရေကြီးမှုကြောင့် လူပေါင်း ၅၀၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ ရသည်။
ခိုလှုံနေရာများတွင် နေထိုင်နေကြရသူများသည် ၎င်းတို့၏အိမ်သို့ အချိန်မရွေးပြန်နိုင်ရန် မဖြစ်နိုင်သကဲ့သို့ ကလေး များ၏ကျန်းမာရေးအခြေအနေအတွက်လည်း စိုးရိမ်နေကြရသည်။
အင်ဒိုနီးရှား သဘာဝဘေး စီမံခန့်ခွဲမှုအေဂျင်စီ က ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသော်လည်း ရေဘေးသင့်ဒေသများတွင် လမ်းများပြတ်တောက်နေသည့်အတွက် ကယ်ဆယ် ရေးလုပ်ငန်းများမှာ အခက်အခဲများနှင့်ရင်ဆိုင်နေရသည်။
အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရေး သည် အဓိကစိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် သဘာဝဘေးကြောင့် သေဆုံးသူ ၄၆၅ ဦးရှိပြီး ထိုင်းနိုင်ငံတွင် သေဆုံးသူ ၁၇၀ ရှိသည်။
အင်ဒိုနီးရှားနှင့်သီရိလင်္ကာနိုင်ငံတို့တွင် သဘာဝဘေးကြောင့် ပျောက်ဆုံး သူ ဦးရေ ၉၀၀ ကျော် ရှိသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။
#PAN