(ပြည်တွင်း) ဒီဇင်ဘာ ၃
ကရင်ပြည်နယ်သို့ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာကာလအတွင်း ပြည်တွင်း ပြည်ပခရီးသွားဧည့်သည် ၅ သိန်းကျော်ဝင်ရောက်ထားတယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ကရင်ပြည်နယ်ရုံးခွဲထံက သိရပါတယ်။

အဆိုပါအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်းခန့် ပိုမိုဝင်ရောက် ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။
လက်ရှိမှာ ကရင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ ရာသီမရွေး လာရောက်လည်ပတ်နိုင်တဲ့ စုစုပေါင်းခရီးစဉ် ၂၆ ခုရှိပြီး ယခုအခါစိုက်ပျိုးရေးကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းနဲ့ သဘာဝကိုအခြေခံတဲ့ ခရီးသွားလုပ်ငန်းများကိုလည်း ဖော်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
ပြည်တွင်းရှိ တခြားဒေသတွေမှာ မိုးရာသီကာလမှာ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု နည်းပါးပေမယ့် ကရင်ပြည်နယ်မှာ မိုးရာသီကာလတွင် စိမ်းစိုလှပတဲ့ ရေမြေတောတောင် သဘာဝအလှ တွေကြောင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုများပြားလာတာဖြစ်တယ်လို့ သိရပါတယ်။
ယခုလာမည့် ဒီဇင်ဘာလတတိယပတ်တွင်လည်း ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပမည်ဖြစ်ရာ ခရီးသွားဧည့်သည်တွေဟာ ယခုကတည်းက ပြည်နယ်အတွင်းမှာရှိတဲ့ ဟိုတယ်နဲ့တည်းခိုရိပ်သာမှာ ကြိုတင်စာရင်းပေးထားတယ်လို့ သိရပါတယ်။
ယခုအခါ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ပေါင်း ၁၆ ဖွဲ့ခန့် ဖွဲ့စည်းထားပြီး ပြည်နယ်အတွင်း ခရီးသွား ဧည့်သည့်အများဆုံး လာရောက်လည်ပတ်ကြတဲ့ ဘားအံခရီးစဉ်ဒေသနဲ့ အနီးပတ်ဝန်းကျင်ရှိ ခရီးစဉ်တွေကို စနစ်တကျစီမံဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
#PAN