ပျောက်ဆုံးနေတဲ့ ကျောင်းသား/သူ (၇) ဦးကို ပြင်ဦးလွင်မြို့နယ် (၇) မိုင် အပမ်းဖြေကမ်းခြေမှာ ပြန်လည်တွေ့ရှိ

(ပြည်တွင်း) နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်မှာရှိတဲ့ အ.ထ.ကခွဲ(၂၇) က ကျောင်းသား ကျောင်းသူ ၇ဦး ရုတ်တရက်ပျောက်ဆုံးသွားခဲ့တာကြောင့် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမတွေ၊ ကျောင်းသားမိဘနဲ့ တာဝန်ရှိသူတွေဟာ အပူတပြင်းရှားဖွေခဲ့ရကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က မွန်းလွဲ ၁၂ နာရီခွဲ ကျောင်းဆင်းထမင်းစားချိန်မှာ ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်မှာနေထိုင်တဲ့မ—–၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်မှာနေထိုင်တဲ့ မ ——-၊ ၊ပုသိမ်ကြီးမြို့နယ်၊ဂွေ့ကြီးကုန်းရွာမှာနေထိုင်တဲ့ မောင်——–နဲ့ မောင် ——- ၊ချမ်းအေးသာစံမြို့နယ် ကံကောက်အရှေ့ရပ်မှာနေထိုင်တဲ့ မ——–၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်သစ်ရပ်မှာနေထိုင်တဲ့ မ——၊ ကန်ကောက်သစ်ရပ်မှာနေထိုင်တဲ့ မ ———၊ ရွှေမွန်ရပ်ကွက်မှာနေထိုင်တဲ့ မ —— တို့ ၈ ဦးဟာ မီနီအိုးဝေငှါးရမ်းကာ ကျောင်းပြင်ပကို ထွက်ခွါသွားတာလို့ သိရပါတယ်။

ပြင်ပကိုထွက်ခွာသွားတဲ့ ကျောင်းသား ကျောင်းသူ ၈ ဦးအနက် ကျောင်းသားတစ်ဦးပြန်လည်ရောက်ရှိလာပြီး အဆိုပါကျောင်းသားရဲ့ပြောဆိုချက်အရ နေ့လည် ထမင်းစားဆင်းချိန်မှာ

မီနီအိုးဝေ (၂)စီးကို ငှါးရမ်းပြီး ၆၂လမ်း၊၄၁×၄၂ လမ်းကြားက မနော်ရမံ ကစားကွင်းကို သွား ရောက်ဆော့ကစားခဲ့ကြောင်း၊ ကစားကွင်းမှာ အချိန် (၁)နာရီခန့် ဆော့ကစားခဲ့ကြပြီး ကစားကွင်းကို လာစဉ်က ငှါးရမ်းခဲ့တဲ့ မီနီအိုးဝေ(၂)စီးနဲ့ ကျောင်းကို ပြန်လာခဲ့ရာ ရဲမွန်တောင်ရပ် ကွက်၊၅၅လမ်းနဲ့၃၇လမ်းထောင့်မှာ ပြန်လည်ရောက်ရှိလာတဲ့ ကျောင်းသားရဲ့ ဖခင်ဖြစ်သူနဲ့ တွေ့ဆုံပြီး သားဖြစ်သူကို ဆူပူကျိန်းမောင်းကာ ကျောင်းကို ခေါ်ဆောင်လာခဲ့ပြီး အတန်းပိုင် ဆရာမ ထံအပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကျောင်းအုပ်ဆရာမကြီးက ကလေးတွေထွက်သွားတာကို သိရှိရပြီး သက်ဆိုင်ရာ မိဘတွေထံကို ဆက်သွယ်ပြီး ကလေးတွေ ထမင်းစားဖို့ အိမ်ကိုပြန်ရောက်ခြင်း ရှိ/မရှိ အကြောင်းကြားစုံစမ်းခဲ့ကြောင်း၊ ပြန်ရောက်လာတဲ့ကျောင်းသားရဲ့ဖခင်က ဖြစ်စဉ်ကိုသိရှိပြီး ကျောင်းအနီး ဝန်းကျင် ရပ်ကွက်အတွင်း လိုက်လံရှာဖွေရာက ၅၅×၃၇ လမ်းထောင့်တွင် သားဖြစ်သူကိုတွေ့ရှိရသဖြင့် ကျောင်းကို ပြန်လည်ခေါ်ဆောင်ခဲ့ ကြောင်း၊ အခြား ကျောင်းသား(၂)ဦးနဲ့ ကျောင်းသူ(၅)ဦးတို့မှာ ၅၅×၃၇ လမ်းထောင့်မှာ ကျန်နေရစ်ခဲ့တာကို သိရှိရတဲ့အတွက် ကျောင်းသား ကျောင်းသူတွေ ငှါးရမ်းခဲ့တဲ့ မီနီအိုးဝေယာဉ်မောင်းတွေကိုစုံစမ်းခဲ့ရာ သီဟ၊၂၇နှစ်၊(ဘ) ဦးအောင်ဝင်း၊ကန်လည်ကျေးရွာ၊ကွေ့ကြီးကုန်းကျေးရွာနေသူနဲ့ အခြားအမည်မသိ အိုးဝေသမား တစ်ဦးတို့ဖြစ်ကြောင်း သိရှိရတာကြောင့် အိုးဝေမောင်းသူ သီဟကို ခေါ်ယူစစ်ဆေးခဲ့ရာ နေ့လည် ၁၂:၃၀ အချိန်ခန့်က ၅၅လမ်းနဲ့ ၃၅ လမ်း ကန်ကောက်ဈေးအနီးမှာ ခရီးသည်စောင့်ဆိုင်းနေစဉ် ကျောင်းသား/သူ (၄)ဦးက မနော်ရမံကစားကွင်းကို သွားလိုကြောင်းလာရောက်ငှါးရမ်းတာကြောင့် အခြား အိုးဝေတစ်စီးတစ်စီးနဲ့အတူ လိုက်ပါပို့ဆောင်ခဲ့ကြောင်း၊ သီဟ မောင်းနှင်သော အိုးဝေပေါ်မှာ ကျောင်းသား (၁)ဦးနဲ့ကျောင်းသူ (၃)ဦး၊အခြားအိုးဝေတစ်စီးပေါ်မှာကျောင်းသား (၂)ဦး၊ကျောင်းသူ (၂)ဦးတို့ စီးနင်းလိုက်ပါပြီး မနော်ရမံ ကစားကွင်းကို ပို့ဆောင်ပေးခဲ့ရကြောင်း၊ မနော်ရမံကစားကွင်းကို ရောက်သောအခါ ကျောင်းသား ကျောင်းသူတွေဟာ ကျောင်းဝတ်စုံ အဖြူအစိမ်း တွေကို အရပ်ဝတ်တွေနဲ့ လဲလှယ်ဝတ်ဆင်ကာ ကစားကွင်းကိုဝင်သွားကြောင်း၊အိုးဝေသမားတွေကို အပြန်စောင့်နေဖို့မှာကြားတာကြောင့် ကစားကွင်းရှေ့မှာ ရပ်စောင့်ပေးနေခဲ့ရကြောင်း၊နာရီဝက်/တစ်နာရီခန့်အချိန်ကြာတွင် ကျောင်းသား ကျောင်းသူတွေ ပြန်ထွက်လာလို့ အိုးဝေ(၂) စီးနဲ့ ၆၂လမ်းမှ ၄၁လမ်းအတိုင်း အိုးဝေအားပြန်လည်မောင်းနှင်ခဲ့ရာ ၅၅×၃၇ လမ်းထောင့်မှာ အခြားအိုးဝေတစ်စီးနဲ့အတူ ကျောင်းသား ကျောင်းသူတွေကို ချထားပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကျောင်းသား(၂)ဦးနဲ့ ကျောင်းသူ (၅)ဦးဟာ နိုဝင်ဘာ ၂၀ ရက်နေ့အထိပြန်လည်ရောက်ရှိလာတာမရှိတာကြောင့် မိဘအုပ်ထိန်းသူတွေ ဆရာမတွေ လုံခြုံရေး ပူးပေါင်းအဖွဲ့တွေက လိုက်လံစုံစမ်းရှာဖွေရာ အဲဒီနေ့ ညနေ ၃ နာရီခန့်မှာ ပြင်ဦးလွင်မြို့နယ် (၇) မိုင် အပမ်းဖြေကမ်းခြေမှာ ပြန်လည်တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

#PAN