(ပြည်တွင်း) နိုဝင်ဘာ ၁၅

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များကို ပြည်တွင်းနည်းပညာရှင်များက ပထမဆုံး တီထွင်ထုတ်လုပ်ထားခြင်းဖြစ်သဖြင့်ကြောင်း သိရသည်။
စက်များ၏အရည်အသွေးနှင့် စံချိန်စံညွှန်းကို စစ်ဆေးပေးနိုင်ရေးတင်ပြခဲ့ရာ အမျိုးသားစံချိန်စံညွှန်းကောင်စီက မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များပါဝင်သည့် အဖွဲ့ဝင် ၂၀ ဦးဖြင့် ဖွဲစည်းခဲ့ကြောင်း သိရသည်။
အဆိုပါ နည်းပညာဆပ်ကော်မတီအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာစံချိန်စံညွှန်း (မူကြမ်း)ကို ရေးဆွဲတင်ပြခဲ့သဖြင့် အမျိုးသားစံချိန်စံညွှန်း ကောင်စီ အနေဖြင့် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပုဒ်မ ၅ ပုဒ်မခွဲ (ခ)ပါ လုပ်ငန်းတာဝန်အရ ၂ – ၉ – ၂၀၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၀၇၅/၂၀၂၅ ဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ထိုနောက် အမျိုးသားစံချိန်စံညွှန်းကောင်စီသည် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)၏ ထုတ်ကုန်နှင့်ထုတ်လုပ်မှုနည်းစဉ်များအား သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းရှိမရှိကို အကဲဖြတ်စစ်ဆေးခြင်းဆောင်ရွက်နိုင်ရန် အမိန့်ကြော်ငြာစာအမှတ်၊ ၀၈၃/၂၀၂၅ ဖြင့် လျှပ်စစ်၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အကဲဖြတ်စစ်ဆေးရေး ကော်မတီကိုဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ စံချိန်စံညွှန်းကို အမျိုးသားစံချိန်စံညွှန်းကောင်စီက မြန်မာစံချိန် စံညွှန်း (MMS)အဖြစ်လည်းကောင်း၊ အမျိုးသားအဆင့်အရည်အသွေးထောက်ခံချက်ထုတ်ပေးရေးဆိုင်ရာ ကော်မတီ(National Certification Committee – NCC)မှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)၏ အရည်အသွေးသည် စံချိန်စံညွှန်းပါ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စိစစ်အတည်ပြုထုတ်ပေးခဲ့သည့် အရည်အသွေးကိုက်ညီမှုထောက်ခံချက် (Certification of Conformity – CoC) လက်မှတ်ကိုလည်းကောင်း၊ အမျိုးသားအဆင့် အရည်အသွေးထောက်ခံချက် ထုတ်ပေးရေးအဖွဲ့ (National Certification Body – NCB)မှ ထုတ်ပေးသည့် မြန်မာစံချိန်စံညွှန်း အမှတ်တံဆိပ် (MMS Standard Mark) အသုံးပြုခွင့် လိုင်စင်ကိုလည်းကောင်းရရှိပြီးဖြစ်ပါကြောင်း သိရသည်။