(နိုင်ငံတကာ) နိုဝင်ဘာ ၇
ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာလ ၆ ရက် အရုဏ်တက်ချိန် တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီ မထွက်ခွာမီ အချိန်အထိ အဓိကအားဖြင့် နိုင်ငံအလယ်ပိုင်း၌ လူပေါင်း ၁၁၄ ဦးသေဆုံးပြီး ၁၂၇ ဦးထက်မနည်း ပျောက်ဆုံး လျက်ရှိကြောင်း မြို့ပြကာကွယ်ရေးရုံး(OCD)က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ ဒေသငါးခုတွင် ကယ်လ်မာဂီမုန်တိုင်းကြောင့် “လက်ရှိရုပ်အလောင်းများ ရေတွက်မှုအရ” အနည်းဆုံး လူ ၁၁၄ ဦး သေဆုံးခဲ့ကြောင်း OCD လက်ထောက်အုပ်ချုပ်ရေးမှူး Bernardo Rafaelito Alejandro က ဒေသတွင်းမီဒီယာကို ပြောကြားခဲ့သည်။
“သေဆုံးကြောင်း အတည်ပြုလက်မှတ်တွေကိုပဲ ကျွန်တော်တို့ စောင့်ဆိုင်းနေတာပါ။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ရထားတဲ့ အရေအတွက်လောက်ပါပဲ” ဟု Alejandro က ဖြည့်စွက်ပြောခဲ့သည်။
ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း၊ ပျောက်ဆုံးသူများအနက် ၆၅ ဦးမှာ စီးဘူး ပြည်နယ်မှဖြစ်ကာ ၆၂ ဦးမှာမူ နီဂရော့စ်ကျွန်းဒေသမှဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကယ်လ်မာဂီမုန်တိုင်းသည် ယခုနှစ်အတွက် ဖိလစ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သော ၂၀ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်ကြောင်း သိရသည်။
#PAN