ကိုရီးယားနိုင်ငံမှဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍသစ်များအတွက် ဆွေးနွေးခဲ့

(စီးပွားရေး) အောက်တိုဘာ ၃၁

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် စိတ်ဝင်စားကြာင်း ကိုရီးယားနိုင်ငံ အခြေစိုက် မြန်မာ-ကိုရီးယား စီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ Mr. Choi Shin-iL မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝါဝါမောင် နှင့် အောက်တိုဘာလ ၂၉ ရက်ညနေပိုင်းကတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန်၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေအရရရှိမည့် အကျိုးကျေးဇူးများနှင့် ဥပဒေ၊ နည်းဥပဒေအရ ကူညီပံ့ပိုးပေးမည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များကို စိတ်ဝင်စားလျက်ရှိကြောင်း Mr. Choi Shin-iL ကပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် က ပြန်လည်ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံသို့ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းတံတား၊ လျှပ်စစ်မီးစသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများမှာ ကိုရီးယားနိုင်ငံမှ ODA ချေးငွေနှင့်အကူအညီအထောက်အပံ့ များရရှိခဲ့ကာ ကိုရီးယားနိုင်ငံ၏ ဆယ်မားအူးလ်အွန်ဒုန်စံပြကျေးရွာဖွံ့ဖြိုးမှုစီမံကိန်းသည် မြန်မာနိုင်ငံအတွက် လိုက်ပါဆောင်ရွက်နိုင်တဲ့ ပုံစံကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ၌ ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့်(၆)နှင့် ကုန်သွယ်မှုတွင် အဆင့်(၉)ရှိပြီး ရင်း နှီးမြှုပ်နှံမှုဆိုင်ရာများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကူညီပေးသွားမည်ဖြစ်ကာ ကိုရီးယားနိုင်ငံ၏ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဖိတ်ခေါ်ပါကြောင်း မကြာမီကာလအတွင်း ကိုရီးယား နိုင်ငံမှ ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ မြန်မာ-ကိုရီးယား စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာသုတေသနအဖွဲ့အစည်းတွင် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်း၊ Digital X-Ray Detector ထုတ်လုပ်သည့်လုပ်ငန်း၊ စက်ရုံးသုံးပန်ကာများ ထုတ်လုပ်တဲ့လုပ်ငန်း၊ ဗို့အားမြှင့်ပါဝါ ဝိုင်ယာကြိုးထုတ်လုပ်တဲ့လုပ်ငန်း၊ ဆက်သွယ်ရေးကိရိယာနှင့် ကွန်ရက်ပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်း၊ Screen-Golf လုပ်ငန်းနှင့် ဘိလပ်မြေထုတ်လုပ်တဲ့ လုပ်ငန်းများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်တက်‌ရောက်ခဲ့တယ်လို့ သိရပါတယ်။

#PAN