(ပြည်တွင်း) အောက်တိုဘာ ၃၁
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေကို ခွင့်ပြုပြီးတဲ့ နောက်တစ်နေ့မှာပဲ နိုင်ငံရေးပါတီတွေက မဲဆွယ်စည်းရုံးမှုတွေကိုစတင်ပြုလုပ်နေကြတာတွေ့ရပါတယ်။

အင်အားကြီးပါတီဖြစ်တဲ့ပြည်ခိုင်ဖြိုးပါတီကခေါင်းဆောင်ပိုင်းတစ်ချို့ကလည်း သူတို့ယှဥ်ပြိုင်မယ့်မဲဆန္ဒနယ်တွေမှာ မဲဆွယ်စည်းရုံးမှုတွေပြုလုပ်နေကြပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီကတော့ ဧရာဝတီတိုင်းဒေကြီးကတစ်ချို့နေရာတွေ၊ ပြည်သူ့ပါတီကတော့ ရန်ကုန်တိုင်းထဲကနေရာတစ်ချို့မှာမဲဆွယ်မှုတွေစတင်နေပါတယ်။

၂၀၁၅ – ၂၀၂၀ လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ကို စိုးမိုးထားနိုင်သူတွေထဲကတစ်ဦးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အ ထွေထွေအတွင်းရေးမှူး ဦးသောင်းအေးကလည်း သူပြိုင်မယ့် ပျော်ဘွယ်မြို့နယ်မှာ အောင်နိုင်ရေးဆိုင်းဘုတ်တင်တာတွေနဲ့ မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မဲဆန္ဒရှင်တွေအနေနဲ့ အတွေးမှန်အရွေးမှန်ဖို့လိုပြီး ကိုယ့်တိုင်းပြည်ကိုယ့်နိုင်ငံ ကိုယ့်ဒေသအကျိုးကို တစ်ကယ်လုပ်ဆောင်နိုင်မယ့် စေတနာသဒ္ဒါပြည့်ဝတဲ့ အတွေ့အကြုံရင့်ကျက်တဲ့ စိတ်ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို မဲပေးဖို့ ဦးသောင်းအေးက မဲဆွယ်ခဲ့တယ်လို့လည်း သိရပါတယ်။
သူတို့ဘယ်ပါတီ ဘယ်ပုဂ္ဂိုလ်ကိုမဲပေး ရွေးချယ်မယ်ဆိုတဲ့ဆန္ဒ ပြည်သူတွေမှာရှိနေပေမယ့် ရွေးကောက်ပွဲမဲဆွယ်မှုတွေမှာလိုက်ပါဖို့ လုံခြုံရေးကိုသူတို့စိုးရိမ်နေဆဲဖစြ်တယ်လို့ မဲဆန္ဒရှင်တစ်ချို့ကပြောပါတယ်။
အစိုးရတော့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကိုပြဌာန်းထားပြီး ထိထိရောက်ရောက် အရေးယူနေတာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်နေ့မှာစတင်ကျင်းပမယ့် အပိုင်းလိုက်ရွေးကောက်ပွဲတွေအတွက် မဲဆွယ်စည်းရုံးမှုတွေမှာ လှည့်လည်စည်းရုံးခွင့်ကို UEC က ခွင့်ပြုမထားပဲ ခွင့်ပြုသတ်မှတ်တဲ့နေရာတွေမှာသာ မဲဆွယ်ကြဖို့ကိုလည်း UEC ကပြောဆိုထားပါတယ်။
#PAN
