


(နိုင်ငံတကာ) အောက်တိုဘာ ၁၆
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စီလာချာမြို့နယ်၊ ထုံ့ဆုခလာကျေးရွာက ရထားသံလမ်းပေါ် မှာ အရက်မူးပြီးအိပ်ပျော်နေတဲ့ မြန်မာအလုပ်သမားတစ်ဦး ရထားကြိတ်ခံရပြီးသေဆုံးသွားတယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက အသက် ၂၆ နှစ်အရွယ် ကိုထက်ဆိုသူ မြန်မာအလုပ်သမားတစ်ဦးဟာ သူအလုပ်လုပ်နေတဲ့ စက်ရုံအနီးက ရထားသံလမ်းပေါ် မူးပြီးအိပ်ပျော်နေစဉ် ရထားကြိတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။
ရထားမောင်းနှင်လာချိန် ရထားသံလမ်းပေါ်မှာ အရိပ်တစ်ခုကိုတွေ့တာကြောင့် ဥသြဆွဲ မီးတွေထိုး သတိပေးပေမယ့် သတိပေးမှုဟာ မအောင်မြင်ခဲ့ဘဲ ရထားတိုက်မိသွားခဲ့တာလို့ ရထားဌာနက ပြောပါတယ်။
ရထားတိုက်မိတဲ့အတွက် ရထားမောင်းနှင်တဲ့ ထိုင်းနိုင်ငံသားက ဆင်းကြည့်ရာ လူတစ်ဦးရဲ့ ဦးခေါင်းကို ရထားတက်ကြိတ်မိထားပြီး သေဆုံးနေတာကို တွေ့ရတယ်လို့ ရထားဌာနရဲ့ပြောဆိုချက်ကိုကိုးကားပြီး ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။