ကျောက်မဲမှာ ကျောင်းသား ၂၇၀၀ ကျော် ကျောင်းတက်နေ

(ပြည်တွင်း) အောက်တိုဘာ ၁၄

တအောင်းလက်နက်ကိုင် TNLA စစ်ရှုံးလို့ ပြန်လည်လက်လွတ်လိုက်ရတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့မှာ အခြေခံပညာအထက်တန်းကျောင်းတွေပြန်လည်ဖွင့်လှစ်နေပြီး ကျောင်းသား/ကျောင်းသူ ၁၇၀၀ ကျော်တက်ရောက်ပညာသင်နေကြပြီလို့ သိရပါတယ်။

ကျောက်မဲမြို့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို အောက်တိုဘာ ၈ ရက်နေစတင်ဖွင့်လှစ်ထားပြီး အမှတ်(၄)အခြေခံ ပညာအထက် တန်းကျောင်းနဲ့ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်းတွေမှာလည်း ကျောင်းအပ်လက်ခံနေပြီလို့ ပညာရေးအသိုင်းအဝိုင်းကပြောပါတယ်။

ကျောက်မဲမြို့ကို တအောင်းပလောင်လက်နက်ကိုင် TNLA က ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ အခြားလက်နက်ကိုင်တွေရဲ့အကူအညီနဲ့ ထိန်းချုပ်ခဲ့ပြီးတဲ့နောက် ပညာရေးဝန်ထမ်းတွေနဲ့ မြို့နေပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာကြောင့် အခြေခံပညာအထက်တန်းကျောင်းတွေကို ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

တပ်မတော်က ကျောက်မဲမြို့ကို ၂၀၂၅ ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှာ အလုံးစုံပြန်လည်သိမ်းယူ ထိန်းချုပ်လိုက်ပြီးတဲ့နောက် အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေပြီး လက်ရှိအချိန်အထိ ကျောင်းသား၊ ကျောင်းသူ ၂၇၆၀ ဦး ကျောင်းတက်ရောက် ပညာသင်နေကြပြီးလို့လည်း သိရပါတယ်။

အဆိုပါ ထပ်မံကျောင်းအပ်နှံတဲ့ ကျောင်းသား/ ကျောင်းသူတွေကို ပညာရေးဝန်ကြီးဌာနက ကျောင်းသုံးစာအုပ်တွေ၊ စာရေးကိရိယာတွေနဲ့ ထောက်ပံ့ပစ္စည်းတွေကို အခမဲ့ပေးအပ်နေသလို ကျန်ရှိနေတဲ့ကျောင်းတွေအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် မိုင်းရှင်းရေးနဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။