တက္ကစီယာဉ်မောင်းကို လက်စဖျောင့် မော်တော်ယာဉ် လုယက်ယူဆောင်ခဲ့သူနှစ်ဦးကို ဖမ်းဆီးရမိ

(မှုခင်း) အောက်တိုဘာ ၈

ရန်ကုန်တိုင်း​ဒေသကြီး သာကေတမြို့နယ်မှာနေထိုင်တဲ့ တက္ကစီယာဉ်မောင်းကို သ_တ်ဖြ_တ်ပြီး မော်တော်ယာဉ်ကို လုယက်ယူဆောင်ခဲ့သူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

သာကေတမြို့နယ်၊ အမှတ်(၃)ရန်ပြေရပ်ကွက်၊ ရန်ပြေ(၁၈)လမ်းမှာနေထိုင်တဲ့ ဦးစံသိန်း (၅၆)နှစ်ဟာ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်က သူမောင်းနှင်တဲ့ YGN-21 BB/8983 TOYOTA PROBOX အမျိုးအစား အဖြူရောင်(အငှား)ယာဉ်နဲ့ ထွက်ခွာသွားပြီး ည ၉ နာရီ အချိန်ထိ နေအိမ်ကို ပြန်မရောက်လာပဲ ပျောက်ဆုံးနေသလို လက်ကိုင်ဖုန်းမှာလည်း စက်ပိတ်ထားတာကြောင့် မိသားစုက ရဲတပ်ဖွဲ့ကို အကူအညီတောင်းခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် သာကေတမြို့မရဲစခန်းက  ရဲတပ်ဖွဲ့ဝင်တွေက ရဲစခန်းအချင်းချင်းချိတ်ဆက်ကာ စုံစမ်းရှာဖွေတာတွေလုပ်ဆောင်ခဲ့ရာ အောက်တိုဘာ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်မှာ သန်လျင်မြို့ နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာ သီလဝါခြောက်လမ်းသွားကားလမ်း မိုင်တိုင်အမှတ် ၈ မိုင် ၇ ဖာလုံနဲ့ ၉ မိုင်အကြား လမ်းဝဲဘက်ခြမ်းအမှိုက်ပုံမှာ ဦးစံသိန်းကို ထိုးသွင်းဒဏ်ရာ ၃၁ ချက်နဲ့ သေဆုံးနေတာကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

လူသတ်မှုနဲ့ပတ်သက်ပြီး သန်လျင်မြို့ မရဲစခန်း (ပ)၃၅၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ နဲ့အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်သူလူထုနဲ့ပူးပေါင်းကာ စုံစမ်းဖော်ထုတ်တာတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

စုံစမ်းဖော်ထုတ်ချက်တွေအရ လူသတ်တရားခံတွေဟာ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာတောင်ဘက်ကွင်းမှာနေထိုက်တဲ့ ထက်ရှိုင်းဇော်(၁၇)နှစ်နဲ့သုံးခွမြို့ နယ်၊ ပုလဲစံပြကျေးရွာက အဆောင်​မှာနေထိုင်တဲ့ သက်ဝေဦး(၁၇)နှစ်တို့ဖြစ်တယ်လို့ ဖော်ထုတ်သိရှိရတာကြောင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ခုလိုဆောင်ရွက်ခဲ့ရာမှာ ထက်ရှိုင်းဇော် ကို အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၅ နာရီမှာ အမှုထမ်းရပ်ကွက်မှာရှိတဲ့ ဓမ္မရောင်ခြည်ဘုန်းကြီး ကျောင်းဝန်းအတွင်းကနေ ဖြစ်စဉ်မှာပျောက်ဆုံးနေတဲ့ TOYOTA PROBOX မော်တော်ယာဉ်တစ်စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး သက်ဝေဦးကို​တော့ အဲဒီနေ့ည ၈ နာရီ ၅၀ မိနစ်မှာပဲ သူနေထိုင်တဲ့ အဆောင်ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူ​တွေရဲ့ ထွက်ဆိုချက်အရ ၎င်းတို့နှစ်ဦးဟာ အောက်တိုဘာလ ၅ ရက်နေ့ ည ၈နာရီ ၁၀ မိနစ်အချိန်မှာ သန်လျင်မြို့ နယ်၊ ကျိုက်ခေါက်ဘုရားပွဲမှာ အရက်သေစာ သောက်စားမူးယစ်ပြီး ဦးစံသိန်းမောင်းနှင်တဲ့ အငှားယာဉ်ကို စီးနင်းခဲ့ပြီး သန်လျင် – ကျိုက်ခေါက် ဘုရားကားလမ်း ဆည်မြောင်းဂုံးထိပ်အနီးအရောက် ယာဉ်မောင်းက ယာဉ်စီးခ တောင်းခံတာနဲ့
ပတ်သက်ပြီး စကားများခဲ့ကြတယ်လို့ သိရပါတယ်။

ခုလို စကားများကြရာက ထက်ရှိုင်းဇော်ဟာ ယူဆောင်လာတဲ့ ကတ်ကြေးနဲ့ထိုးခဲ့လို့ ယာဉ်မောင်းက ဝက်အူလှည့်နဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာကြောင့် သက်ဝေဦးက အဆိုပါဝက်အူလှည့်ကို လုယူပြီး ပြန်လည်ထိုးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မောင်းသေဆုံးသွားတဲ့အခါ ထက်ရှိုင်းဇော်က အဆိုပါယာဉ်ကို မောင်းနှင်လာခဲ့ပြီးသီလဝါခြောက်လမ်းသွားလမ်းပေါ်အရောက်မှာ ယာဉ်မောင်းရဲ့အလောင်းကို စွန့်ပစ်ခဲ့ပြီး ယာဉ်နံပါတ်ပြားတွေနဲ့ အခြားဆက်စပ်ပစ္စည်း​တွေကို စစ်ပင်ကွင်းကျေးရွာအနီးမှာ စွန့်ပစ်ခဲ့တယ်လို့ ဖော်ထုတ်သိရှိရတဲ့အတွက် သိမ်းဆည်းနိုင်ရေး ဆောင်ရွက်ခဲ့ရာ စစ်ပင်ကွင်းကျေးရွာအနီးချောင်းသစ်ကွင်းက မော်တော်ယာဉ်နံပါတ်ပြား ၂ ခု၊ အဆိုပါယာဉ်နဲ့ပတ်သက်တဲ့ ဆက်စပ်
ပစ္စည်းတွေ ဦးစံသိန်း ပိုင်ဆိုင်တဲ့ လက်ကိုင်ဖုန်းတစ်လုံးနဲ့ အရိုးအသွား ၆ လက်မခွဲခန့်ရှိ
ဦးချွန်ကတ်ကြေးတစ်ခု တို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ခုလို အငှားယာဉ်မောင်းကို သတ်ဖြတ်ကာ မော်တော်ယာဉ်ကို လုယက်မှုကျူးလွန်ခဲ့သူထက်ရှိုင်းဇော်နဲ့ သက်ဝေဦးတို့ကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#PAN