ဘိုကလေးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား

(မှု့ခင်း) စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းလမ်းမပေါ်တွင် စက်တင်ဘာ ၁၉ ရက်နေ့ နေ့လည် ၁ နာရီ ၅၀ မိနစ် အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘိုကလေးမြို့၊ (၅)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် ဘောလုံးကွင်းလမ်းထောင့်ဘက်မှ ယာဉ်မောင်း နေထူးအိမ်၊ ၁၈ နှစ်၊ (ဘ)ဦးဆန်နီထွန်း၊မောင်းနှင်သော ယာဉ်အမှတ် YGN/HSE-5739 “သုခဝေဖြာ”လူမှုကူညီရေးအသင်းသုံး AMBU-LANCE အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အား အမှတ်(၃)ရပ်ကွက်ဘက်မှ အမှတ်(၅)ရပ်ကွက်၊ ဘောလုံးကွင်းထောင့်လမ်းဘက်သို့ အောင်ကျော်ဇင်၊ ၂၆ နှစ်၊ (ဘ)ဦးကျော်ကျော်၊ မောင်းနှင်လာသော ယာဉ်အမှတ် ၃၉ ယ/ ၉၄၆၀၉ နံပါတ်ပါ HONDA WAVE 125 I အမျိုးအစား အပြာရောင် ဆိုင်ကယ်မှ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်ဝင်တိုက်မိသဖြင့် အောင်ကျော်ဇင် တွင် နှာခေါင်းသွေးထွက် ဒဏ်ရာ၊ ဝဲဘက်ပါးပွန်းပဲ့ဒဏ်ရာဖြင့် သတိလစ်အကြောဆွဲ(စိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူ အောင်ကျော်ဇင် အား ဘိုကလေးမြို့ကုတင်(၁၀၀)ပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းသဖြင့် နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ယာဉ်မောင်း ဝေယံဖြိုး မောင်းနှင်သော ယာဉ်အမှတ် YGL/ RLG-8364 “သုခဝေဖြာ”လူမှုကူညီရေးအသင်းသုံး အဖြူရောင်မော်တော် ယာဉ်ဖြင့် ဘိုကလေး-ဖျာပုံ-ဒေးဒရဲ-ကွမ်းခြံကုန်းသွားကားလမ်းအတိုင်း ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၎င်နောက် ယာဉ်အားမဆင်မခြင် ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း အောင်ကျော်ဇင် နှင့် နေထူးအိမ်တို့(၂)ဦးအား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN