
(ပြည်တွင်း) စက်တင်ဘာ ၁၉
တိရစ္ဆာန်အစာအဖြစ် အသုံးပြုနေသည့် ကြိတ်ဖတ်များ ဈေးနှုန်းမြင့်တက်မှုကြောင့် မွေးမြူရေးလုပ်ငန်းများ အတွက် လိုအပ်သည့်ကြိတ်ဖတ်များကို ပြည်ပမှတင်သွင်းရန် တောင်းဆိုလာနိုင်သဖြင့် ပြည်တွင်းဆီစက်များ အနေနဲ့ ကြိတ်ဖတ်များကို ဈေးနှုန်းဆွဲတင်ခြင်းနှင့် သိုလှောင်မှုများမပြုလုပ်ရန် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းမှ သတိပေးထုတ်ပြန်ထားပါတယ်။
ပြည်တွင်းဆီစက်များမှ ထွက်ရှိတဲ့ ကြိတ်ဖတ်(ပဲ၊ နှမ်း၊ နေကြာ၊ မုံညင်း၊ ပန်းနှမ်း၊ ပဲပုတ်)များကို တိရစ္ဆာန် အစာအဖြစ် အသုံးပြုနေပြီး ပြည်တွင်းမွေးမြူရေးလုပ်ငန်းများက အဓိကဝယ်ယူနေခြင်းလည်းဖြစ်ပါတယ်။
လက်ရှိတွင် ကြိတ်ဖတ်များ လုံလောက်စွာမထုတ်လုပ်နိုင်ခြင်း၊ ဝယ်ယူရန်ခက်ခဲလာပါက မွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ ကြိတ်ဖတ်များကိုတင်သွင်းရန် တောင်းဆိုမှုများရှိလာနိုင်ကြောင်း၊ လက်ရှိ အချိန်မှာလည်း ပြည်ပမှ ပဲပုတ်ဖတ်များကို တင်သွင်းခွင့်ပြုထားကြောင်း သိရပါတယ်။
ပြည်တွင်းဆီစက်များမှထွက်ရှိတဲ့ ကြိတ်ဖတ်များဈေးနှုန်းမှာ ယခင်က တစ်ပိဿာ ကျပ် ၄,၀၀၀ သာ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၆,၀၀၀ အထိ မြင့်တက်လျက်ရှိပြီး ဝယ်ယူရန်လည်း အခက်အခဲများရှိနေပါတယ်။
ဆီစက်ပိုင်ရှင် အသင်းသူအသင်းသားများကို ဈေးနှုန်းကြီးမြင့်ရန်နှင့် မလိုအပ်ဘဲသိုလှောင်ထားမှုများကို မပြုလုပ်ရန် သတိပေးနှိုးဆော်ထားကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။
ဆီကြိတ်ဖတ်များ ဈေးနှုန်းကြီးမြင့်လာခြင်းဖြင့် စားသုံးသူပြည်သူများ စားသုံးနေရသည့် အသား၊ ငါး၊ ဥ၊ နို့ဈေး များလည်း ကြီးမြင့်လာနိုင်ကာ ပြည်တွင်းရှိ တိရိစ္ဆာန်အစာလိုအပ်ချက်ရှိလာမှုကြောင့် ပြည်ပမှ ပဲပုတ်ဖတ်များ တင်သွင်းရသည့် အခြေအနေသို့ရောက်ရှိလာနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ပြည်တွင်းဆီစက်များ အနေနဲ့ ကြိတ်ခွဲ ထွက်ရှိလာသော ကြိတ်ဖတ်များကို ကုန်ချိန်များစွာသိုလှောင်ထားခြင်း၊ ဈေးနှုန်းကြီးမြင့်အောင် လုပ်ဆောင်ခြင်းများ မပြုလုပ်ကြရန် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ အသိပေးထုတ်ပြန်ထားပါတယ်။