တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) စက်တင်ဘာ ၅

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် ဇင်မင်းထွန်း(ခ)ကိုဇင် မောင်းနှင်ပြီး မညွန့်ညွန့်တင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား တာချီလိတ်မြို့ ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့မှ စစ်ဆေးစဥ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးပူးပေါင်းအဖွဲ့များသည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ရန်အောင်မြေရပ်ကွက် တွင် အဆိုပါဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၈၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ ယာရှု(ခ)အာခါလေး အား အဆိုပါရပ်ကွက်တွင် မော်တော်ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော ဇင်မင်းထွန်း(ခ)ကိုဇင်(၂၈)နှစ်၊ မညွန့်ညွန့်တင် (၅၁)နှစ် နှင့် ယာရှု(ခ)အာခါလေး(၃၀)နှစ်တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

#PAN