
(စီးပွားရေး) စက်တင်ဘာ ၄
ဂျာမနီနိုင်ငံ Frankfurt မြို့ Frankfurt Fair and Exhibition ခန်းမမှာ ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့အကြီးဆုံးလူသုံးကုန်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းပြပွဲမှာ မြန်မာ့ထုတ်ကုန်များ ဝင်ရောက်ပြသနိုင်ရန် စီစဉ်နေကြောင်း ဂျာမနီအခြေစိုက် Messe Frankfurt GmbH မှ သိရပါတယ်။
အဆိုပါ ပြပွဲကို ဂျာမနီနိုင်ငံ အခြေစိုက် Messe Frankfurt GmbH က ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ Su Shwe Nadi ကုမ္ပဏီ၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များနှင့် ပြည်တွင်းရှိ အခြားသောလုပ်ငန်းရှင်များက သွားရောက်ပြသနိုင်ရန် စီစဉ်ခြင်း ဖြစ်ပါတယ်။
လာမည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှာ ကျင်းပမည့် အဆိုပါပြပွဲသို့ နိုင်ငံပေါင်း ၈၀ ကျော်မှ ဝင်ရောက် ပြသ မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကြိမ်နှင့်ရက်လုပ်ထားသော ပစ္စည်းများ၊ သစ်အခြေခံလက်မှုပစ္စည်းများ၊ လက်ဆောင်ပစ္စည်း များ၊ တိုင်းရင်းသားရိုးရာချည်ထည်မျိုးစုံတို့ကို ပါဝင်ပြသသွားမည်ဖြစ်တဲ့အပြင် ပြပွဲကာလအတွင်း လာရောက်ပြသသူ နိုင်ငံအချင်းချင်း ချိတ်ဆက်ကာ နည်းပညာများ၊ အတွေ့အကြုံများ ဖလှယ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။