ရန်ကုန်-ပဲခူး DEMU ရထားခရီးစဉ်အတွက် အချိန်နှင့်ရထားပါ ထပ်တိုးပြေးဆွဲမည်


(ပြည်တွင်း) ဩဂုတ် ၁၁

ရန်ကုန် – ပဲခူး ပြေးဆွဲနေသော Diesel Electric Multiple Units DEMUs (DEMU) ရထားခရီးစဉ်များအတွက် ပဲခူးအထွက် ၂ စီး၊ ရန်ကုန် အထွက် ၂ စီးနဲ့ အချိန်ရော ရထားအစီးရေပါ ထပ်တိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။

အခုလိုပြေးဆွဲရာမှာ ရန်ကုန်- ပဲခူးခရီးစဥ်ကို သြဂုတ်လ ၁၁ ရက်တွင် စတင်ပြေးဆွဲသွားမှာဖြစ်ပြီး ရန်ကုန်မှ ညနေ ၄ နာရီ ၄၅ မိနစ်တစ်စီးနှင့် ညနေ ၅ နာရီ ၁၅ မိနစ်မှာတစ်စီး နေ့စဥ်ပြေးဆွဲ ပေးသွားမှာဖြစ်သလို ပဲခူး‌- ရန်ကုန် ခရီးစဥ်ကို ဩဂုတ်လ ၁၂ ရက်မှစတင်ကာ ပဲခူးမှ မနက် ၆ နာရီတစ်စီး၊ မနက် ၆ နာရီခွဲတစ်စီး ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

အဆိုပါရန်ကုန်-ပဲခူး ရထားခရီးစဉ်ကို ယခင်က RBE ရထားနဲ့ ပြေးဆွဲနေခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ မှစတင်ကာ စပိန်နိုင်ငံထုတ် DEMUs တွဲဆိုင်းအသစ်ဖြင့် ပြောင်းလဲပြေးဆွဲပေးခဲ့ ခြင်းဖြစ်ပြီး လက်မှတ်ခအနေဖြင့် ခရီးသည်တစ်ဦးလျှင် ခရီးစဉ်စဆုံးအတွက် ငွေကျပ် ၂,၅၀၀ နှင့် ခရီးစဉ်တစ်ဝက်အတွက် ငွေကျပ် ၁,၃၀၀ သတ်မှတ် ထားကြောင်း သိရပါတယ်။

ယခုထပ်တိုးပြေးဆွဲ‌မည့် ခရီးစဥ်အတွက်ကိုလည်း ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ယခင်သတ်မှတ်ချက်အတိုင်း သာ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး DEMU ရထားမှာ စုစုပေါင်းခရီးသည် ၈၀၀ ကျော်ထိ လိုက်ပါစီးနင်းနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါပဲခူး- ရန်ကုန်-ပဲခူး ခရီးစဥ်အတွင်း ရန်ကုန်ဘူတာကြီးမှ ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင် ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စသည့် ဘူတာ ၁၂ ခုတို့တွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

PAN