(စီးပွားရေး) ဇွန် ၄
မြန်မာသနပ်ခါးပင်များကို လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ကျော်ကတည်းကတွေ့ရှိကာ သုံးစွဲလာကြပြီး စိုက်ပျိုး ကြသူများလာကာ မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါးစိုက်ဧကပေါင်း ၃၅၀,၀၀၀ ကျော် စိုက်ပျိုးထားကြောင်းသိရပါတယ်။

မြန်မာ့သနပ်ခါးကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့တွင် တွေ့ရှိရပြီး မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် အများဆုံးစိုက်ပျိုး၍ ရေငတ်ပြီး ပူပြင်းခြောက်သွေ့သော ရာသီဥတုဒဏ်ကို ခံနိုင်သဖြင့် အညာဒေသ၏ ရတနာပင်များ ဖြစ်ပါတယ်။
သနပ်ခါးပင်သည် အမြင့်ပေ ၂၀ မှ ပေ ၃၀ အထိ မြင့်တတ်ပြီး ပင်စည်နှင့် အကိုင်းအခက်များတွင် တစ်လက်မခန့်ရှည်လျားသည့် မာကျောသောဆူးများပါရှိပါတယ်။
အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသောအခါမှ အပွေးထူလာကာ အရွက်ပုံသဏ္ဌာန်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲများ ထွက်ကာ သနပ်ခါးအပွင့်ပုံသဏ္ဌာန်မှာသေးငယ်ပြီး အဝါနုရောင်ရှိပါတယ်။
သနပ်ခါးကိုစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ ဂဝံနှင့် ကျောက်စရစ်မြေတို့ဖြစ်ပြီး ရွံ့စေးမြေ၊ ဆားပေါက်သောမြေ၊ ရေဝပ်သောမြေများမှလွဲ၍ ကျန်မြေအမျိုးအစားများတွင် မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်သလို မိုးရေချိန် ၁၀-၄၀ လက်မ အကြားရှိ နေရာဒေသများတွင်လည်း စိုက်ပျိုးနိုင်ပါတယ်။
သနပ်ခါးသည် မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ပြယုဂ်တစ်ခုဖြစ်ပြီး မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာကောင်းတဲ့ အရည်အသွေးနှင့် ပြည့်စုံသည့် မြန်မာ့သနပ်ခါးကို အများဆုံးစိုက်ပျိုးကြသောမြို့များမှာ အရာတော်၊ မြိုင်၊ ရေစကြို၊ ပေါက်၊ ရွှေဘို၊ ပခုက္ကူ၊ ဘုတလင်၊ ယင်းမာပင်နှင့် မုံရွာမြို့နယ်တို့မှာ အများဆုံးစိုက်ပျိုးလျက်ရှိပြီး လက်ရှိမှာ သနပ်ခါးစိုက် ဧက သုံးသိန်းငါးသောင်းကျော်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
#PAN