(ပြည်တွင်း) မတ် ၁၈
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ “ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ လွှမ်းခြုံမှုတိုးတက်ရေး၊ ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည် အသွေးမြင့်မားရေး”ဟူသည့်ရည်ရွယ်ချက်အား အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် ပဲခူးမြို့၊ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံ၌ မျက်စိအခမဲ့စမ်းသပ်ခွဲပေးမှုအား မတ်လ(၁၇)ရက်နေ့မှ(၂၁)ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်ပေးလျှက်ရှိရာ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မျက်စိအခမဲ့စမ်းသပ်ခွဲစိတ်မှုပြုလုပ်ပေးရာတွင် ပဲခူးခရိုင်နှင့်ညောင်လေးပင်ခရိုင်အတွင်းရှိ မျက်စိကျန်းမာရေးစောင့်ရှောက်ပေးရန်လိုအပ်သောလူနာ(၈၅၀)ဦးကျော်အား လွန်ခဲ့သော(၂)ပတ်ခန့်မှစတင်၍ကြိုတင်စမ်းသပ်စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ မျက်စိခွဲကုသရန်လိုအပ်သောလူနာ(၂၅၀)ဦးအား တစ်နေ့လျှင်လူနာ(၅၀)ဦးနှုန်းဖြင့် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မျက်စိအထူးကုဆရာဝန်ကြီး၊ ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီး၊ တောင်ငူမြို့ ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးနှင့် ပြည်မြို့ ခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးများက ခွဲစိတ်ကုသမှုများပြုလုပ်ပေးကြသည်။

အဆိုပါခွဲစိတ်ကုသလိုအပ်သောလူနာများအနက်မှ ခွဲစိတ်ပြီးလူနာများအား ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကကြီး၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဌဒေါ်စန္ဒာထွေးဦးဆောင်သည့် တိုင်း၊ခရိုင်၊မြို့နယ်အဖွဲ့ဝင်များမှ လိုအပ်သည်များကူညီဆောင်ရွက်မှုပြုလုပ်ပေးသည့်အပြင် ကြက်ဥနှင့်အာဟာရမုန့်များကိုလည်း လှူဒါန်းပေးကြကြောင်းသတင်းရရှိသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)