“အလုပ်သမားအဖွဲအစည်းများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ပြီး အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ဟုဆို”

(ပြည်တွင်း) ဇန်နဝါရီ ၁၆

မြန်မာပြည်တွင်းရှိ အလုပ်သမားများအနေနဲ့ အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာဖွဲ့စည်းကာ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းရှိန်က ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ လုပ်ငန်းရှင်၊ မန်နေဂျာ၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင် များနှင့် တွေ့ဆုံရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရာ၌ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အဖွဲ့အစည်း အဆင့်ဆင့်ဖွဲ့စည်းနိုင်ရေးဦးစီးဌာနများက လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

အလုပ်သမားများအနေဖြင့်လည်း အခြေခံအလုပ်သမားအဖွဲ့အစည်းမှ မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီးအဆင့်အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်သမားရေးရာအဖွဲ့တို့ကို အလုပ်သမား များရဲ့ ဆန္ဒသဘောထားအရ အဆင့်ဆင့်တည်ထောင်ဖွဲ့စည်းနိုင်ပြီး အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်သမားအချင်းချင်းအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေး ကောင်းမွန်စေရန်၊ စနစ်တကျနှင့် လွတ်လပ်စွာဖွဲ့စည်းဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ဒုဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင်အလုပ်သမားအဖွဲ့အစည်း အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ရာမှာ အလုပ်သမားအဖွဲ့အစည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကာ မြို့နယ်မှတ်ပုံတင်အရာရှိမှတစ်ဆင့်မှတ်ပုံတင်အရာရှိချုပ်သို့ သတ်မှတ်ချက်နှင့်အညီ တင်ပြဆောင်ရွက်နိုင်ကြောင်းလည်း ဒုဝန်ကြီးက ပြောကြားခဲ့ပါတယ်။ 

#PAN #အလုပ်သမားအခွင့်အရေး #အလုပ်သမားအဖွဲ့အစည်း #လွတ်လပ်စွာဖွဲ့စည်းခွင့်