(ပြည်တွင်း) ဒီဇင်ဘာ ၂၃
မွန်ပြည်နယ် အစိုးရအဖွဲ့၏လမ်းညွန်မှုနဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေး အဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေး သစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။
မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရတနာထွန်း သား၊ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ရောင်းချသည့်ဈေးမှာ မြို့အတွင်း၌ရှိသဖြင့် ယာဉ်ကြောပိတ်ဆိုမှုများ ကြုံတွေ့ရခြင်း၊ လူနေရပ်ကွက်နှင့်နီးစပ်ခြင်း၊ အမှိုက်နှင့်အနံ့အသက်ဆိုးများ ကင်းဝေးစေရန်အတွက် တည်ဆောက်ရခြင်း ဖြစ်ကြောင်းသိရပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများက ဒီဇင်ဘာလ ၂၁ ရက်တွင် မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်စီမံကိန်းတည်ဆောက်နေမှုအတွင်း ပထမပိုင်းဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းမီ တည်ဆောက်ရေး နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ပါတယ်။
ထို့ပြင် မြတ်အဏ္ဏဝါမင်းဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူကလည်း ဆောက်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းရာသီတွင် အချိန်မီပြီးစီးရေးဆောင်ရွက်မယ့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါတယ်။