ဆီးရီးယားနိုင်ငံ၌ တိုက်ပွဲများရပ်ကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တိုက်တွန်း

(နိုင်ငံတကာ)ဒီဇင်ဘာ ၇

ဆီးရီးယားနိုင်ငံ၌ အရပ်သားပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ ထို့ပြင် တိုက်ပွဲများကိုရပ်ဆိုင်း၍ ကုလသမဂ္ဂက ချပေးထားသော ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်သို့ ပြန်တက်ကြ ရန်လည်း ကုလသမဂ္ဂအကြီးအကဲက ဆီးရီးယားအစိုးရနှင့် သူပုန်အုပ်စုများကို တိုက်တွန်းခဲ့သည်။ ဆီးရီးယား အစိုးရနှင့် သူပုန်အုပ်စုများကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေချိန်တွင် ကုလသမဂ္ဂအကြီးအကဲက အဆိုပါအတိုင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၁ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော ဆီးရီးယားပြည်တွင်းစစ်သည် နှစ်အတန်ကြာငြိမ်သက်ခဲ့ပြီးနောက် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း တိုက်ပွဲများပြန်လည်စတင်ခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဆီးရီးယား သူပုန်များသည် အလက်ပိုစီးပွားရေးမြို့ကို ဆီးရီးယားအစိုးရတပ်များ လက်ဝယ်မှသိမ်းယူခဲ့သည်။ အလက်ပိုမြို့သည် ၂၀၁၆ ခုနှစ်မှစ၍ ဆီးရီးယားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိခဲ့သည့် အဓိကမြို့ကြီး ဖြစ်ကြောင်းသိရသည်။

#PAN