မုံရွာမြို့ ဗန္ဓုလဈေး နှစ်ထပ်ဈေးရုံသစ်တည်ဆောက်မှု ၅၀ ရာခိုင်နှုန်းခန့်ပြီးစီး


(ပြည်တွင်း) အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေး၌ ငွေကျပ် ၆၈၆ ဒသမ ၆ သန်း အကုန်အကျခံကာ RC နှစ်ထပ်ဈေးရုံသစ်တည်ဆောက်လျက်ရှိရာ ယခုအခါ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ သိရပါတယ်။

နှစ်ထပ်ဈေးရုံသစ်ဆောက်လုပ်နေမှုကို စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်းအပြီး ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

ဈေးရုံသစ်ကြီးကို ဆောက်လုပ်ပြီးစီးပါက ယခင်ဈေးရုံအဟောင်းမှ ဆိုင်ခန်းပိုင်ရှင်များကို ၎င်းတို့၏ မူလဆိုင်ခန်းနေရာနှင့် အနီးစပ်ဆုံးဖြစ်စေရန် ပြန်လည်နေရာချထားပေးမှာဖြစ်ပြီး ပိုလျှံသော ဈေးဆိုင်ခန်းများကို ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချရန် စီစဉ်ထားကြောင်း သိရပါတယ်။

အဆိုပါ ဈေးရုံသစ်အဆောက်အအုံက အလျား ၂၇၉ ပေ၊ အနံ ၂၄ ပေရှိကာ အောက်ထပ်တွင် အလျား ၁၂ ပေ၊ အနံ ၁၀ ပေစီရှိသော ရှေ့ဘက်မျက်နှာလှည့် ဆိုင်ခန်း ၂၂ ခန်းနှင့် ဘေးဘက်မျက်နှာလှည့် ဆိုင်ခန်း ၂၂ ခန်း၊ စုစုပေါင်းဆိုင်ခန်း ၄၄ ခန်း ပါရှိမှာဖြစ်ပါတယ်။

အပေါ်ထပ်တွင် Hall Type ပြုလုပ်ကာ မင်္ဂလာပွဲများ၊ အလှူပွဲများနှင့် အခမ်းအနားများ ကျင်းပနိုင်မည့် ခန်းမတစ်ခု ပါဝင်မှာဖြစ်ပြီး ကျန်အပိုင်းကို Super Market များ၊ Shopping Mall များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN