နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ ဝင်ခွင့်လျှောက်ထားနိုင်


(ပြည်တွင်) အောက်တိုဘာ ၁၄

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့၏ ၁၃၈၆-၁၃၈၇ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် သာသနတက္ကသီလဓမ္မာစရိယတန်း (ပထမနှစ်)သို့ အစိုးရပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟစာသင်တန်းတစ်ခုခုအောင်မြင်ပြီး သက်တော် (၃၀)နှစ်၊ သိက္ခာ (၁၀) ဝါအောက်ရှိရမည့် ရဟန်း/သာမဏေများနှင့် သာသနတက္ကသီလမဟာဓမ္မာစရိယတန်း (ပထမနှစ်)သို့ သာသနတက္ကသီလဓမ္မာစရိယဘွဲ၊ သာသနဓဇဓမ္မာစရိယဘွဲ၊ သကျသီဟဓမ္မာစရိယဘွဲနှင့် စေတိယင်္ဂဏဓမ္မာစရိယဘွဲတစ်ခုခုရရှိပြီး သက်တော် (၃၅)နှစ်၊ သိက္ခာ (၁၅) ဝါအောက်ရှိရမည့် ရဟန်း/ သာမဏေများ လျှောက်ထားနိုင်ကြောင်း သိရသည်။

သာသနတက္ကသီလဓမ္မာစရိယတန်း (ပထမနှစ်) ဝင်ခွင့်လျှောက်ထားသော ရဟန်း/ သာမဏေများသည် အစိုးရပထမကြီးတန်းနှင့်ညီမျှသော ဝိနည်းဆိုင်ရာ (၅) ပုစ္ဆာနှင့် အဘိဓမ္မာဆိုင်ရာ (၅)ပုစ္ဆာ၊ မေးခွန်းလွှာတစ်ခု၊ ပါဠိဆိုင်ရာ (၅) ပုစ္ဆာနှင့် အထွေထွေဗဟုသုတ (၅)ပုစ္ဆာ၊ မေးခွန်လွှာတစ်ခုကို တစ်ရက်စီ စုစုပေါင်းနှစ်ရက် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

သာသနတက္ကသီလ မဟာဓမ္မာစရိယတန်း (ပထမနှစ်) ဝင်ခွင့်လျှောက်ထားသော ရဟန်း/သာမဏေ များသည် သာသနတက္ကသီလ ဓမ္မာစရိယတန်း (စတုတ္ထနှစ်) နှင့်ညီမျှသော ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာကို ပထမနေ့တွင် (က) အတ္ထယောဇနာ၊ (ခ) ဝါကျသဒ္ဒါ၊ (ဂ) အဓိပ္ပာ ယတ္ထ၊ (ဃ) ခေတ်လေ့လာနည်းအားဖြင့် (၁၀) ပုစ္ဆာဖြေဆိုရမည်။ ဒုတိယနေ့တွင် ပါဠိ၊ မြန်မာ၊ အင်္ဂလိပ်၊ ပြန့်ပွားဘာသာအားဖြင့် (၁၀) ပုစ္ဆာ ဖြေဆိုရမည်ဖြစ်သည်။

သာသနာ့တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် (တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များမှအပ) တွင် စတင်ထုတ်ပေးသွားမည်ဖြစ်ရာ ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် (အင်္ဂါနေ့) နောက်ဆုံးထား၍ သက်ဆိုင်ရာတက္ကသိုလ်များ၏ မော်ကွန်းထိန်းရုံးတို၌ တင်သွင်းနိုင်ပြီး အသေးစိတ်သိရှိလိုသောအချက်များကို နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) မော်ကွန်းထိန်းရုံး (ဖုန်း ၀၉-၅၄၀၀၈၂၈၊ ၀၉-၄၂၅၀၀၈၇၂၈) နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (မန္တလေး) မော်ကွန်းထိန်းရုံး (ဖုန်း ၀၉-၂၀၃၅၅၇၂၊ ၀၉-၂၅၀၂၃၀၇၉၁) တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN