(ပြည်တွင်း)အောက်တိုဘာ ၁၀
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၉-၁၀-၂၀၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် (၄၄) ကြိမ်မြောက်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးများ၏ ဖွင့်ပွဲအခမ်းအနား၊ (၄၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (မျက် နှာစုံညီ)၊ (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (သီးသန့်)၊ အာဆီယံနိုင်ငံ့ခေါင်း ဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံအဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲ၊ အာဆီယံနိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံစီးပွားရေးအတိုင်ပင်ခံကောင်စီ ဝင်များ တွေ့ဆုံပွဲ၊ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံလူငယ်ခေါင်းဆောင်များ တွေ့ဆုံပွဲတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲ တမ်းအတွင်းဝန် ဦး ဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ ဝန်ကြီးချုပ်က လေ့လာသူနိုင်ငံအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။
(၄၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးတွင် ၂၀၂၄ ခုနှစ်အတွင်း အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံ ၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့် ကဏ္ဍအသီးသီး၌ အကောင်အထည်ဖော် ဆောင် ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ တီမောလက်စ်တေနိုင်ငံမှ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေး လမ်းပြမြေပုံအား အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ နှင့် အာဆီယံ၏ ပြင်ပဆက်ဆံရေး တိုးမြှင့်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ (၄၅) ကြိမ်မြောက် ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် အာဆီယံတူညီဆန္ဒ (၅) ရပ်အပေါ် အကောင် အထည်ဖော်ဆောင်ရွက်မှု အခြေအနေနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး၊ မြန်မာကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်က တူညီဆန္ဒ(၅) ရပ်အား မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာအစိုးရမှ နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေး အကောင်အထည်ဖော်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အာဆီယံနိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံပါလီ မန်များညီလာခံ အစည်းအဝေးတွင် အာဆီယံနိုင်ငံများ၏ လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံစီးပွားရေးအတိုင် ပင်ခံကောင်စီ အစည်း အဝေး၌ အတိုင်ပင်ခံကောင်စီမှ အကြံပြုချက်များအပေါ် အာဆီယံနိုင်ငံ့ခေါင်းဆောင်များက မှတ်သားခဲ့ကြပြီး အာဆီယံ ဒေသတွင်း စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်း နှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးမြှင့်အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များနှင့် ဒေသတွင်း ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုး တက်မှုရရှိရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။ အာဆီယံနိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံ လူငယ်ခေါင်းဆောင်များအစည်းအဝေးတွင် အာဆီယံ၏ အနာဂါတ် လူငယ်များ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာ ကဲ့သို့သော ခေတ်မီနည်းပညာများအပေါ် အခြေခံသည့် ပညာရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိစေရေးတို့နှင့်စပ်လျဉ်း၍ အလေး ထားဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။
#PAN