“ကလောမြို့ သောက်သုံးရေလုံလောက်စွာပေးဝေနိုင်ရေး ရေအေးကန်ဆည် ကြံ့ခိုင်မှုရှိရန်နှင့် ရေစစ်ကန် ကောင်းမွန်စွာ လည်ပတ်နိုင်ရေး လုပ်ဆောင်နေ”

(ပြည်တွင်း) အောက်တိုဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ကို သောက်သုံးရေ လုံလောက်စွာရရှိစေရေး ရေပေးဝေတဲ့ ရေအေး ကန်ဆည် ကြံ့ခိုင်မှုရှိရန်နှင့် ရေစစ်ကန် ကောင်းမွန်စွာလည်ပတ်နိုင်ရန် စည်ပင်သာယာရေးဌာနမှ လိုအပ်တဲ့လုပ်ငန်း များ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့တဲ့ ကလောမြို့မှာ ပြန်လည်ထူထောင်လုပ်ငန်းများ နေ့စဉ်အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများထဲမှ တစ်ခုအပါဝင်ဖြစ်သည့် ကလောမြို့ သောက်သုံးရေ လုံလောက်စွာရရှိစေရေးအတွက် ရေပေးဝေသည့် ရေအေးကန်ဆည် တမံကြံ့ခိုင်မှုအခြေအနေများ၊ ရေစစ်ကန် ကောင်းမွန်စွာလည်ပတ်နိုင်ရေး စည်ပင်သာယာရေးဌာနမှ Total Station တိုင်းတာ၍ ရေပိုက်လိုင်း Level Profile တိုင်းတာမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။

ဒါ့အပြင် ကလောချောင်း ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ရေနစ်မြုပ်ခဲ့သည့် ရပ်ကွက်၊ လမ်းများ၊ အများပြည်သူအပန်းဖြေအနားယူကြတဲ့ မောမြေဦးပန်းခြံတို့တွင် ရွှံ့နွံ၊ အမှိုက်များကို စုပေါင်းသန့်ရှင်းရေးများ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ကလောချောင်းကို ရေကြီး၊ ရေလျှံမှု မဖြစ်ပေါ်စေရေးနှင့် နဂိုမူလအတိုင်း ပြန်လည်စီးဆင်းရေး နုန်းမြေ၊ အမှိုက်များဆည်ယူခြင်းတို့ကို စက်ယာဉ်ယန္တရားတို့နဲ့ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

တောင်ပေါ်မြို့ဖြစ်တဲ့ ကလောမြို့မှာ မြေပြို၊ တောင်ပြို၊ ရေကြီး၊ ရေလျှံမှုတို့ကို ဆိုးရွားစွာကြုံတွေ့ခဲ့ရ သောကြောင့် လူသေဆုံး/ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေကြီးမှုကို ကြိုတင်ပြင်ဆင်မှုမရှိတဲ့အတွက် ပြင်ဆင်မှုများ မလုပ်နိုင်ဘဲ အပြင်းအထန်ခံခဲ့ရခြင်းဖြစ်ရာ လက်ရှိမှာပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရပါတယ်။

#PAN