သန်းခေါင်စာရင်းကောက်သင်တန်းတက်ခဲ့သူ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို မြို့နယ်လဝက က သင်တန်းဆင်းလက်မှတ်မပေးဟုဆို

(ပြည်တွင်း) စက်တင်ဘာ ၂၉

အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ကောက်ယူမည့် ၂၀၂၄ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကော့သောင်းမြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်းတက်ရောက်ခဲ့သူတစ်ဦးအား မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သင်တန်းလက်မှတ်ပေးအပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

၂၀၂၄ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကော့သောင်းမြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက်သင်တန်းတက်ရောက်ခဲ့သူ ရွှေပြည်သာရပ်ကွက်မှဒေါ်ခင်ခင်စိုးသည် ရပ်ကွက်ကိုယ်စားတက်ရောက်ခဲ့ဖြစ်ပြီး သင်တန်းဆင်းပွဲတွင် သင်တန်းသားအားလုံးကို သင်တန်းဆင်းလက်မှတ်ပေးအပ်သော်လည်း ဒေါ်ခင်ခင်စိုးတစ်ဦးတည်းအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းသူမှာ ရှေ့ပြေးစာရင်းများကောက်ယူစဥ်က မြို့နယ်လဝကဒုဦးစီးမှူး ဦးသန်းထိုက်နှင့်အတူ တက်ကြွစွာပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသူအား လဝက မှ သန်းခေါင်စာရင်းကောက်ယူရေးသင်တန်းတက်ရောက်ရန်ဖိတ်ကြားလွှာနှင့်ဖိတ်ခေါ်ခံရခြင်းဖြစ်ပြီး သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ခဲ့သူလည်းဖြစ်ကြောင်း သိရသည်။

“သူက သင်တန်းကို ရက်အပြည့်တော့တက်ခဲ့တယ်။ ဒါပေမယ့် ကော့သောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီက လို့သိရှိထားလို့ လဝက တာဝန်ရှိသူတွေ မပေးတာဖြစ်နိုင်တယ်။ ဒီတစ်ချက်ပဲရှိတာ၊ ဒါပေမယ့် သူက ပြည်ခိုင်ဖြိုးပါတီအနေနဲ့တက်တာမှမဟုတ်တာ ရပ်ကွက်က ဘော်လံဒီယာအနေနဲ့တက်တာပဲ၊ သင်တန်းတက်ဖို့ကိုလည်း တရားဝင်ဖိတ်ခေါ်ခံရတာပဲ ဘာကြောင့် ဒီလိုလုပ်သလဲဆိုတာက သက်ဆိုင်ရာအဖွဲ့အစည်းကပဲ သိလိမ့်မယ်လို့ ” ဒေါ်ခင်ခင်စိုးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

အဆိုပါ သင်တန်းအား ရက်ပြည့်တက်ရောက်ခဲ့သူ ဒေါ်ခင်ခင်စိုးအား သင်တန်းဆင်းလက်မှတ်မပေးခဲ့သော်လည်း သင်တန်းတွင်စာရင်းပါပြီး သင်တန်းပျက်ကွက်နေသူများအား သင်တန်းဆင်းလက်မှတ်ပေးအပ်မှုများရှိခဲ့ကြောင်း သိရသည်။

၎င်းသင်တန်းသူအား သင်းတန်းဆင်းလက်မှတ်မပေးသည့်လုပ်ရပ်သည် သင်တန်းသား သင်တန်းသူများအကြားတွင် အရှက်ရစေရတာမို့ ယခုကိစ္စမှာမပြုလုပ်သင့်သင့်ကိစ္စဖြစ်သည်ဟုလည်း သင်တန်းသား ကျောင်းဆရာ ဆရာမများမှ သုံးသပ်ပြောဆိုလျှက်ရှိကြောင်း သိရသည်။

ဒီညနေ ၄ နာရီမှ လဝက က ဒုဦးစီးမှူးဦးသန်းထိုက်လာ​ ပေးတာဗျ။ ကော့သောင်းခရိုင် လဝကမှူးကလည်း သူ့ကိုဖုန်းဆက်တောင်းပန်သွားပါတယ်၊ ဒါက လူလယ်ခေါင်မှာအယှက်ရစေတဲ့လုပ်ရပ်ဖြစ်လို့ ဆင်ချင်သင့်တယ်လို့ ယင်းကိစ္စနှင့်ပတ်သက်ပြီး PAN ၏ဆက်သွယ်မေးမြန်းခဲ့မှုအပေါ် ​ မြို့နယ်ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူတစ်ဦးမှ ပြောသည်။

၂၀၁၄ ခုတွင်ကောက်ယူခဲ့သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအား ၎င်းပြည်ထောင်စုဝန်ကြီးဖြစ်စဥ်က ဦးဆောင်ကောက်ယူခဲ့ကြောင်း သန်းခေါင်စာရင်းလုပ်ငန်းသည် နိုင်ငံတော်အတွက်အရေးကြီးကြောင်း လူတိုင်းပူးပေါင်းပါဝင်ဆောင်ရွက်သင့်ကြောင်း ၎င်းပါတီဝင်များအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့ဖူးသည်ဟုလည်း သိရသည်။

PAN