လက်ဘနွန်နှင့် အစ္စရေး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား

(နိုင်ငံတကာ)စက်တင်ဘာ ၂၁

     လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့ကြား စက်တင် ဘာလ ၂၀ ရက်တွင် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေကြောင်းသိရသည်။ လက်ဘနွန်ဘက်က ဒုံးကျည်အစင်းပေါင်း ၁၀၀ ကျော်အသုံးပြု၍ အစ္စရေးနိုင်ငံမြောက်ပိုင်းနှင့် အစ္စရေးက သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသတို့ကို မွန်းလွဲပိုင်းတွင် တိုက်ခိုက်မှုများလုပ်ဆောင်ခြင်းဖြစ်သည်။

     ထို့နောက် အစ္စရေးတာဝန်ရှိသူများက ဒေသခံများအနေဖြင့် ဗုံးခိုကျင်းများအနီးတွင် နေထိုင်ကြရန် အကြံပေးထားပြီး ထိုတိုက်ခိုက်မှုများကြောင့် အစ္စရေးဘက်၌ ပျက်စီးဆုံးရှုံးမှုများရှိကြောင်း တွေ့ရသည်။

     ယင်းနောက်တွင် အစ္စရေးက လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့စွန်ရှိ အဆောက်အအုံတစ်လုံးကို လေကြောင်းမှ တိုက်ခိုက်မှုလုပ်ဆောင်ရာ အနည်းဆုံး လူရှစ်ဦးသေ ဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိထားကြောင်း လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထိုတုံ့ပြန်တိုက်ခိုက်မှုတွင် အစ္စရေးက ဟစ်ဇဘိုလာတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကို အဓိကပစ်မှတ်ထားခြင်းဖြစ် ကြောင်း လက်ဘနွန်လုံခြုံရေးသတင်းရင်းမြစ်များက ပြောသည်။

     လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာတပ်ဖွဲ့များနှင့် အစ္စရေးတို့ကြား တင်းမာမှုများမြင့်တက်လာနေစဉ် စက်တင် ဘာလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် လက်ဘနွန်ရှိ ပေဂျာများနှင့် ဟစ်ဇဘိုလာတပ်ဖွဲ့အသုံးပြုနေသော လက်ကိုင် စကားပြောစက်များ ပေါက်ကွဲမှုတို့အပြီးတွင် ယခုကဲ့သို့တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုပေါက်ကွဲမှု များကို အစ္စရေးက လုပ်ခြင်းဖြစ်သည်ဟု ဟစ်ဇဘိုလာတို့က ပြောထားသည်။

#PAN