ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တောင်သာမြို့နယ်အတွင်း ခိုအောင်း လှုပ်ရှားနေသော PDF အမည်ခံအကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း၊ အလောင်းအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

(ပြည်တွင်း) စက်တင်ဘာ ၁၇

      မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် PDF အမည်ခံအကြမ်း ဖက်သမားများသည် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့် စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

        ထိုသို့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက် သမားများကို ဒေသခံပြည်သူလူထုက ရွံ့ရှာမုန်းတီးလျက်ရှိပြီး တပ်မတော်၏ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation)ကို ဆောင်ရွက်မှု တွင် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်မှုကို မလိုလားသော ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တောင်သာမြို့နယ်၊ သာယာကြီးကျေးရွာအနီး ခိုအောင်းလှုပ်ရှားနေသော အကြမ်းဖက် သောင်း ကျန်းသူများကို စနစ်တကျ ချီတက်ရှင်းလင်းခဲ့သည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာ  သာယာကြီးကျေးရွာ ၏ မြောက်ဘက်ခြမ်း ကျေးရွာ စာသင်ကျောင်းနှင့် ဓမ္မပါလဘုန်းကြီး ကျောင်းတိုက်ဝန်းကျင်၌ အင်အားစုဖွဲ့ အခြေပြုလျက်ရှိသည့် ခေါင်းဆောင်နှင့် အင်အားစိစစ်ဆဲ အကြမ်းဖက်အဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် အရှေ့ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ အကြမ်းဖက်သောင်းကျန်းသူ များထံမှ အလောင်းအချို့နှင့် ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၀ တောင့်၊ ကျည်အိမ် ၁ ခုကို သိမ်းဆည်းရမိခဲ့သည်။

      ဆက်လက်၍ ထိတွေ့မှုဖြစ်ပွားသော နေရာတဝိုက်သို့ ဆက်လက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ အသုံးပြုသော မော်တော် ယာဉ်အချို့၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ဒေသန္တရကွန်ကြူပိုက်မိုင်းအကြီး ၆ လုံး၊ အသေး ၅ လုံး၊ စနက်တံ ၂၀ ခု၊ ၅.၅၆ မမကျည် ၁၄၀ တောင့်နှင့် ဝါယာကြိုး ၂ ခွေ သိမ်းဆည်းရမိခဲ့သည်။

         အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းအသေးစိတ်  ဆက်လက် ရှင်းလင်းခဲ့ရာ နေ့လယ်ပိုင်းမှစ၍ တောင်သာ၊ နွားထိုးကြီးနှင့် မြင်ခြံဒေသပတ်ဝန်း ကျင်ရှိ အကြမ်း ဖက်အဖွဲ့များ စုစည်းသည့်အင်အားစုဖြင့် ရွာတောင်ဘက်ခြမ်း၌ ထပ်မံထိတွေ့မှု ဖြစ်ပွားခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

        အကြမ်းဖက်အဖွဲ့များသည် နီးစပ်ရာစုစည်း၍ အင်အားများ ထပ်မံဖြည့်တင်း တုန့်ပြန်လာသည့် အတွက် လေကြောင်းပစ်ကူရယူ၍ ချေမှုန်းခဲ့ရာ ပစ်ခတ်မှုများ ညနေပိုင်းတွင် ပြီးဆုံးခဲ့သည်။

        ဖြစ်စဉ်တွင် အကြမ်းဖက်အဖွဲ့များ ထိခိုက်သေဆုံး ဒဏ်ရာအများ အပြားဖြင့် သာယာကြီးရွာအတွင်းမှ တောင်ဘက်နှင့်အနောက်ဘက်များသို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားပြီး မိမိလုံခြုံရေးတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

       တပ်မတော်စစ်ကြောင်းများအနေဖြင့် ယခု ကဲ့သို့ ယုံကြည်စွာသတင်းပေးမှု အပေါ် အရေးယူဆောင်ရွက်လာခြင်းကြောင့် ဒေသခံကျေးရွာသူ၊ ကျေးရွာသားများက ဝမ်းမြောက်ကျေးဇူးတင်ကြလျက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ အပြည့်အဝ ပူးပေါင်း ကူညီဆောင်ရွက်လျက်ရှိကြောင်းနှင့် တပ်မတော်စစ်ကြောင်းများမှလည်း အကြမ်းဖက် အဖွဲ့အစည်းများ၏ မတရားနှိပ်စက်ငြှင်းပန်း၍ ဆက်ကြေးကောက်၊ လူသတ်၊ ပြန်ပေးဆွဲ လုပ်ရပ်များခံစားရသည့် ကျေးရွာများသို့ ကိုယ်တိုင်သတင်းဖော်ထုတ်၍ လည်းကောင်း၊ ယုံကြည်စိတ်ချရသည့် ဒေသခံရွာသူ၊ ရွာသားများထဲမှ သတင်းရရှိမှု အပေါ် မူတည်လျက်  အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်မှု ပြဋ္ဌာန်းချက်ပါအတိုင်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

#PAN