မူဝါဒကိုအလွဲသုံးစားလုပ်ပြီး ပအိုဝ့်ဒေသကိုပစ်ခတ်တိုက်ခိုက်သည့် PNLO (AD) မှ ဗိုလ်မှူးကြီးခွန်ဥက္ကာအပြီးအပိုင်နှုတ်ထွက်

(ပြည်တွင်း) စက်တင်ဘာ ၁၆

NCA မှသွေဖီ၊ ချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လာခြင်း၊ စစ်ရေးဖော်ဆောင်လာခြင်း၊ PNO/PNA နှင့် SAC ကို ရန်သူသတ်မှတ်၍ ဆန့်ကျင်တိုက်ခိုက်လာခြင်း၊ ဆီဆိုင်မြို့အပါအဝင် မဲနယ်တောင်ဒေသအတွင်း၊ မြို့ပြကျေးရွာများ ပျက်စီးဆုံးရှုံးစေခြင်းနှင့် ပအိုဝ်းပြည်သူများ စစ်ပြေး၊စစ်ရှောင် များပြားစေခြင်းတို့ကို မျက်ဝါးထင်ထင်တွေ့ရှိလာတာကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) (AD) မှအပြီးအပိုင်နှုတ်ထွ​​က်​လိုက်ပြီဟု ဦးဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သိပေးကြေညာလိုက်သည်။

၂၀၀၉ ခုနှစ်၊ ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပသော အမျိုးသားညီလာခံ တရပ်မှနေ၍ PNO- မှ ခွဲထွက်ကျန်ရစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာဦးဆောင်(PPLO) နှင့် ရလလဖ(SNPLO) မှ ခွဲထွက်လာသူ ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်အင်အားစုများသည် အခြားပအိုဝ်းအင်အားစုငယ်များ ဝန်းရံလျှက် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO) ကို ပြန်လည် ဖွဲ့စည်းထူထောင်ခဲ့ပြီးသည့်နောက် PNLO သည် ပအိုဝ်းအမျိုးသားတော်လှန်ရေးနှင့် ပအိုဝ်အမျိုးသားနိုင်ငံရေး လုပ်ငန်းများတွင် ကြိုးပမ်းဆောင်ရွက်နိုင်ရုံမျှမက၊ မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ နိုင်ငံတော် အဆင့်နိုင်ငံရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခဲ့သည်ဟုလည်း ထုတ်ပြန်စာတွင် ပါရှိသည်။

သမ္မတကြီး ဦးသိန်းစိန်လက်ထက်တွင် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်များ ချုပ်ဆိုခဲ့ပြီး ၂၀၁၅- မတ်လ (၁၅) ရက်နေ့တွင်တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟုလည်း ဆိုသည်။

ထို့ကြောင့် တရားဝင် အဖွဲ့အစည်းတရပ်အဖြစ် ရပ်တည်လာနိုင်ခဲ့ပြီး PNLO/PNLA သည် ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းအမျိုးသားဒေသသို့ ၂၀၁၂ – ခုနှစ် မှစ၍ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပအိုဝ်းအမျိုးသားနိုင်ငံရေး လုပ်ငန်းများကို PNO/PNA နှင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်လာသည်မှာ ၂၀၂၃ – ခုနှစ်ကုန်အထိပင် ဖြစ်ပါသည်။

epa06892443 Khun Okkar (C) Chairman of Pa-Oh National Liberation Organization arrives for the third session of the ‘Union Peace Conference – 21st century Panglong’ in Naypyitaw, Myanmar, 16 July 2018. The 21st Century Panglong Peace Conference will be held on 11 July 2018 to 16 July 2018 with the aims at ending violence between Myanmar’s Army and armed ethnic groups. EPA-EFE/HEIN HTET

PNLO ဥက္ကဌများအဖြစ် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ခွန်မြင့်ထွန်းနှင့် ဗိုလ်မှူးကြီး ခွန်သူရိန်တို့က ၂၀၀၉-ခု မှ ၂၀၂၃ အထိ အလှည့်ကျတာဝန်ယူခဲ့ကြပါသည်။

ယင်းကဲ့သို့ NCA ကို ထိန်းသိမ်းလိုက်နာပြီး ပြည်သူလူထုအကျိုးကို ကြိုးပမ်းဆောင်ရွက်နေချိန်မှာပင် လက်ရှိဥက္ကဌဖြစ်သူသည် စုပေါင်းဦးဆောင်မူ- အရမဟုတ်ဘဲ တဦးတယောက်သောသဘောထားဆန္ဒဖြင့်“မူဝါဒ” အလွှဲသုံးစားပြုလုပ်သည့်အတွက် NCA မှသွေဖီ၊ ချိုးဖောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လာခြင်း၊ စစ်ရေးဖော်ဆောင်လာခြင်း။ PNO/PNA နှင့် SAC ကို ရန်သူသတ်မှတ်၍ ဆန့်ကျင်တိုက်ခိုက်လာခြင်း။ ဆီဆိုင်မြို့အပါအဝင် မဲနယ်တောင်ဒေသအတွင်း၊ မြို့ပြကျေးရွာများ ပျက်စီးဆုံးရှုံးစေခြင်းနှင့်ပအိုဝ်းပြည်သူများ စစ်ပြေး၊စစ်ရှောင် များပြားစေခြင်းတို့ကို မျက်ဝါးထင်ထင်တွေ့ရှိရသည်ဟုလည်း ထုတ်ပြန်စာတွင်ဖော်ပြထားသည်။

ထို့ကြောင့်မူလ PNLO/PNLA ၏ ဦးဆောင်နာယက တစ်ဦးနေနှင့် မလွှဲမရှောင်သာ တာဝန်ရှိလာသည့်အပေါ်တွင် လက်ရှိ ခွန်သူရိန် ဦးဆောင် (PNLO-ခွဲထွက်)အဖွဲ့မှ အပြီးအပိုင်နှုတ်ထွက်လိုက်ပါကြောင်းဆုံးဖြတ် လိုက်ရပြီး နောက်နောင် PNLO (ခွဲထွက်)၏ လုပ်ဆောင်မှုအဝဝသည် မိမိနှင့် လုံးဝ (လုံးဝ)သက်ဆိုင်တော့မည် မဟုတ်ကြောင်းလည်းအသိပေးထားသည်။

ယင်းကဲ့သို့ PNLO (ခွဲထွက်) ထံမှနှုတ်ထွက်ပြီးနောက် မိမိအနေနှင့်- အမျိုးသားနိုင်ငံရေးလုပ်ငန်းများကိုလက်မလျှော့ဘဲ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာမှ ပအိုဝ်းပြည်သူများထံ ကတိကဝတ်ပြုထားသည်။