“ရေယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်”

(ပြည်တွင်း) သြဂုတ် ၃၀


ရေယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြောင်းဖြင့် ခရီးသွားကြသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်စည်များ လုံခြုံချောမွေ့စွာ လိုရာခရီးသို့ သယ်ယူပို့ဆောင်နိုင်ရန်အတွက် ဝန်ဆောင်မှုပေးနိုင်ရန်၊ ရေယာဉ် လုပ်ငန်းလုပ်ကိုင်သူများ၊ ရေယာဉ်ပိုင်ရှင်များ၊ ရေယာဉ်လုပ်သားများအနေဖြင့် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များနှင့်အညီ လုပ်ငန်းများလုပ်ဆောင်နိုင်စေရန်၊ ရေယာဉ်ဆိုက်ကပ်သည့် ဆိပ်ကမ်းနေရာများ စနစ်တကျရှိစေရေး အတွက် ဆောင်ရွက်ရန်၊ ရေယာဉ်စည်းကမ်း၊ ရေကြောင်းဆိုင်ရာ စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ရေယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရန်ရည်ရွယ်ကာ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။


ဒါ့အပြင် ကြည့်မြင်တိုင်မြို့နယ်အတွင်း လှိုင်မြစ်ကို အသုံးပြုကာ သွားလာလှုပ်ရှားနေကြတဲ့ ခရီးသွားပြည်သူ များ၏ အသက်အန္တရာယ် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် စက်တပ်သမ္ဗန်ရေယာဉ်မောင်းနှင်သူ များအား စနစ်တကျ မှတ်ပုံတင်ထုတ်ပေးရေးနှင့် သမ္ဗန်ရေယာဉ်ပြေးဆွဲရေး၊ သမ္ဗန်ရေယာဉ်ဂိတ်များဖွဲ့စည်းမှု၊ ရေကြောင်းသွားလာမှုဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပိုမိုလျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ နေပါတယ်။


ကြည့်မြင်တိုင်မြို့နယ်အတွင်း ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မှတ်ပုံတင်ထားရှိသည့် မြင်းကောင်ရေ ၂၀ အောက် စက်တပ်သမ္ဗန် ၅၃၇ စင်းရှိရာ သမ္ဗန်ရေယာဉ်ဂိတ် ခုနစ်ဂိတ်ဖြစ်တဲ့ ဆိပ်ကြီး ရေယာဉ်ဂိတ်တွင် အစင်း ၆၀၊ စက်ဆန်းရေယာဉ်ဂိတ်တွင် ၉၂ စင်း၊ အောက်ရုံရေယာဉ်ဂိတ်တွင် ၈၈ စင်း၊ အလတ်ချောင်း ရေယာဉ်ဂိတ်တွင် ၁၀၃ စင်း၊ အေးရွာ အရှေ့ရေယာဉ်ဂိတ်တွင် ၅၄ စင်း၊ ဘလုတ်ညွန့် ရေယာဉ်ဂိတ်တွင် ၇၄ စင်းနှင့် စက်ကလေးရေယာဉ် ဂိတ်တွင် ၆၆ စင်း စင်းဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရပါတယ်။

#PAN