ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်ကြေညာ

(ပြည်တွင်း)သြဂုတ် ၁၉

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး ဆေးနဲ့ဆေးပညာနှီးနွှယ်တက္ကသိုလ်တစ်ခုခုကို ပထမ ဦးစားပေး လျှောက်ထားလိုသူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ထုတ်ပေးတဲ့ တက္ကသိုလ် ဝင်ခွင့်လျှောက်လွှာစာအိတ်နဲ့ ဩဂုတ်လ ၂၆ ရက် ကနေ စက်တင်ဘာလ ၁၂ ရက်အထိ လျှောက်ထားရမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။
ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေကို ပထမဦးစားပေး လျှောက်ထားလိုသူတွေ အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန (နေပြည်တော်)၊ ဆေးတက္ကသိုလ် ၅ ခုနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ၂ ခု စတဲ့နေရာ ၈ ခုထဲက တစ်ခုခုကို တိုက်ရိုက်ပေးပို့ လျှောက်ထားရမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဆေးဝါးတက္ကသိုလ်တွေ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်တွေ၊ သူနာပြုတက္ကသိုလ်တွေနဲ့ အခြေခံ ကျန်းမာရေးတက္ကသိုလ်တွေကို ပထမဦးစားပေး လျှောက်ထားသူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ စာအိတ်ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာတင်သွင်းဖို့ သတ်မှတ်ထားတဲ့ တက္ကသိုလ် ၂၃ ခုကို ပေးပို့လျှောက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသား၊ကျောင်းသူ ၁၂၈၈၂၀ ယောက် ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ ၇၄,၅၉၂ ယောက်ရှိကာ အောင်ချက်ရာခိုင်နှုန်း ၅၈ ရာခိုင်နှုန်းရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#PAN