နံနက်စာ ပုံမှန်မစားရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ

(ကျန်းမာရေးကဏ္ဍ)
ဩဂုတ် ၁၇

      ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ နံနက်စာ ပုံမှန်မစားရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။

     နံနက်စာစားပေးခြင်းက ဦးနှောက်ကို အား ကောင်းစေပါတယ်။ နံနက်စာမစားတဲ့သူတွေဟာ အမေ့လွယ်တာတွေ၊ ကြာကြာမစဉ်းစားနိုင်တာတွေဖြစ်တဲ့အပြင် အသက်ကြီးလာတဲ့အခါ အယ်လ်ဇိုင်းမားရောဂါ အလွယ်တကူဝင်နိုင်ပါတယ်။ မှတ်ဉာဏ်စွမ်းရည် ကျဆင်းလာပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းမရှိတော့ပါဘူး။ အဲ့ဒါကြောင့် ဦးနှောက်အသုံးပြု အလုပ်လုပ်ရတဲ့ သူတွေဟာ ကျိန်းသေပေါက် နံနက်စာစားပေးသင့်ပါတယ်။


နံနက်စာမစားတဲ့အခါ ပရိုတင်းကို ပြည့်ဝစွာမရရှိနိုင်ဘူး။ အဲ့ဒီအခါမှာ ဆံသားအတွက်လိုအပ်တဲ့ keratin မရရှိတော့ပါဘူး။ ဆံပင်ကျွတ်တာတွေ၊ ထိပ်ပြောင်တာတွေဖြစ်ပေါ်လာနိုင်တဲ့အတွက် နံနက်စာကို သေချာစားပေးပါ။

      နံနက်စာမစားဘဲနေတာက သွေးထဲမှာ သကြားဓာတ်နည်းလာပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်စိတ်တွေ မြင့်တက်လာ စေနိုင်ပါတယ်။ ကြာလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေအထိ ဖြစ်ပေါ်လာနိုင်ပြီး လူမှု ဆက်ဆံရေးပိုင်း မှာလည်း အားနည်းလာနိုင်ပါတယ်။ တစ်ယောက်တည်းနေတဲ့အခါ ခြောက်ခြားလာတာမျိုး၊ အလိုလို ဝမ်းနည်းလာတတ် တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ နံနက်စာပုံမှန်စားပေးတဲ့သူကတော့ စိတ်ကို တက်ကြွရွှင်လန်းစေပါတယ်။ နံနက်ပိုင်းမှာရရှိတဲ့အာဟာရက တစ်နေ့တာအတွက် လန်းဆန်းမှု၊ တက်ကြွမှုနဲ့ ပျော်ရွှင်မှုတို့ကို ရရှိစေပါတယ်။ တစ်နေ့တာကို စိတ်ဖိစီးမှုကင်းကင်းနဲ့ ဖြတ်သန်းနိုင်မှာပါ။

      နံနက်စာမစားတဲ့သူဟာ ကြာလာလေလေ နှလုံးအားနည်းလာလေဖြစ်ပြီး ရုတ်တရက် အသက်ရှူရပ်ကာ သေစေနိုင်တဲ့အထိ နှလုံးရောဂါ ရရှိနိုင်ပါတယ်။ အစေ့အဆံပါဝင်တဲ့ နံနက်စာကို ပုံမှန်စားပေးမယ်ဆိုရင်တော့ heart attack ဖြစ်တာမျိုး မဖြစ်နိုင်ပါဘူး။ နှလုံးကျန်းမာရေးအတွက် နံနက်စာ စားပေးပါ။ နံနက်စာဟာ တစ်နေ့တာအလုပ်လုပ်ဖို့အတွက် အားအင်အပြည့်ပေးနိုင်တဲ့ အရာဖြစ်ပါတယ်။ နံနက်စာမစားရင်တော့ တစ်နေ့တာ အလုပ်လုပ်ဖို့ လုံလောက်တဲ့ အားအင်မရပါဘူး။

     ဒါ့အပြင် နှစ်တွေအများကြီးကြာလို့ အသက်တွေကြီးလာတဲ့အခါ သူဟာ သူများတွေလို ကျန်းမာသန်စွမ်းတော့မှာ မဟုတ်ပါဘူး။ လျင်မြန်သွက်လက်တော့မှာ မဟုတ်ပါဘူး။ အမောလွယ်ခြင်း၊ အားနည်းခြင်း၊ မူးခြင်း၊ ပင်ပန်းလွယ်ခြင်းတို့ ဖြစ်လာမှာ ဖြစ်ပါတယ်။ သူများအသက် ၄၀ သန်မြန်နေပေမယ့် ကိုယ်ကတော့ အသက် ၄၀ လောက်နဲ့ အင်အားချိနဲ့သူ အဖိုးအဖွားတွေလိုမျိုး ဖြစ်နေရမှာပါ။

     နံနက်စာစားတဲ့အခါ ကြွက်သားတွေဟာ သိသိသာသာဖွံ့ဖြိုးလာစေပါတယ်။ အဲ့ဒါကြောင့် gym ကစားတဲ့သူတွေဟာ အာဟာရအပြည့်နဲ့ နံနက်စာကိုစားပေးရပါတယ်။ မစားဘူးဆိုရင်တော့ ခန္ဓာ ကိုယ်ဟာ ကိုယ်လိုချင်သလို ပုံကျလှပလာမှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ နံနက်စာကို အဝစားတာက ဝမ်းဗိုက်အဆီကို ဖြစ်မလာစေပါဘူး။ ဝိတ်ချမယ်လို့ စိတ်ကူးထားတယ်ဆိုရင် နေ့လည်စာနဲ့ ညစာကို လျော့စားပြီး နံနက်စာကို အဝ စားပေးသင့်ပါတယ်။ နံနက်စာကို ရှောင်ပြီး နေ့လည်စာနဲ့ ညစာကို ပိုစားမယ်ဆိုရင်တော့ ကိုယ်အလေးချိန် သိသိသာသာ တိုးလာစေမှာ ဖြစ်ပါတယ်။

#PAN