ပါရီအိုလံပစ်မှာ ဖိလစ်ပိုင်နိုင်ငံအတွက် ရွှေဆု(၂)ခုယူပေးတဲ့ ကားလို့စ်ယူလိုအတွက် တစ်သက်တာခံစားခွင့်များပေး

ဩဂုတ် ၉
ယခုနှစ် ပါရီအိုလံပစ် ပွဲတော်အတွင်း ဖိလစ်ပိုင်နိုင်ငံအတွက် ကျွမ်းဘားအားကစားဖြင့် ရွှေတံဆိပ်(၂)ဆု ရယူပေးခဲ့သည့် ဖိလစ်ပိုင် ကစားသမား ကားလို့စ်ယူလိုကို ဖိလစ်ပိုင်လုပ်ငန်းရှင်များက တစ်သက်တာ ခံစားခွင့်ဆု ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
အသက်(၂၄)နှစ် အရွယ် ကားလို့စ်ယူလိုက ဖိလစ်ပိုင်နိုင်ငံအတွက် ရွှေတံဆိပ် (၂)ခု ရယူပေးထားပြီး၊ အဆိုပါ (၂)ဆုမှာ Floor Exercise နှင့် Vault ကျွမ်းဘားအားကစားဖြင့်ပင် ရယူပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ထို့ကြောင့် ၎င်းအား ဖိလစ်ပိုင် ပြည်သူများနှင့် လုပ်ငန်းရှင်များက ဆုများပေးရန် ကမ်းလှမ်းခဲ့ပြီး ယင်းတို့အနက် အင်ဂျင်နီယာ ဘာသာရပ်ကို အခမဲ့သင်ယူခွင့်အပါအဝင် အသက် (၄၅)နှစ်အရွယ်မှစ၍ အစာအိမ်နှင့် အူလမ်းကြောင်း တ စ်သက်တာ အခမဲ့စစ်ဆေးခြင်း၊ ကွန်ဒိုအခန်းတစ်ခန်းနေအိမ်တစ်လုံး၊ အမေရိကန်ဒေါ်လာ (၂)သိန်း၊ iPhone 16 တစ်လုံး၊ ဖိလစ်ပိုင်မုန့်တိုက်တစ်ခုမှ ကွတ်ကီးများကို တစ်သက်တာ အခမဲ့စားသုံးခွင့်အပြင် ဖိလစ်ပိုင်ရှိ စားသောက်ဆိုင်များစွာမှ အစားအသောက်များ တစ်သက်တာ အခမဲ့စားသုံးခွင့်ကို ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ အိုလံပစ်သမိုင်းတစ်လျှောက် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲအတွင်း အမျိုးသမီး အလေးမအားကစား၌ ရွှေတံဆိပ်(၁)ခုတည်းသာ ရရှိခဲ့ပြီး ယခုနှစ် ပါရီအိုလံပစ်ပွဲတော်တွင် ကားလို့စ်ယူလို မှ ရွှေတံဆိပ်(၂)ဆု ရယူပေးခဲ့ခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ အိုလံပစ်သမိုင်း အအောင်မြင်ဆုံး အားကစားသမားဖြစ်လာခဲ့ပါတယ်။
ယခုနှစ် အိုလံပစ်ပွဲအတွင်း အရှေ့တောင်အာရှ နိုင်ငံများမှ ရွှေတံဆိပ်(၃)ခုရယူထားပြီး ထိုင်းနိုင်ငံက အမျိုးသမီး တိုက်ကွမ်ဒိုမှာ(၁)ဆု ၊ ဖိလစ်ပိုင်နိုင်ငံက အမျိုးသား ကျွမ်းဘားမှာ (၂)ဆု ရယူပေးနိုင်ခဲ့ကြောင်း သိရပါတယ်။