ဘင်္ဂလားဒေ့ရှ်သမ္မတ က လွှတ်တော်ကို ဖျက်သိမ်း


(နိုင်ငံတကာ) ဩဂုတ် ၇

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ရာထူးမှနုတ်ထွက်သွားပြီးနောက် သမ္မတ မိုဟာမက်ရှာဟာ ဘူဒင် က ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရေးအတွက် ဩဂုတ်လ ၆ ရက်တွင် လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထောင်ချခံထားရသည့် ဝန်ကြီးချုပ်ဟောင်းနှင့် အဓိကအတိုက်အခံခေါင်းဆောင် ဘီဂမ်ခါလေဒါဇီယာကို ပြန်လွှတ်ပေးရန်လည်း သမ္မတ က အမိန့်ပေးလိုက်ကြောင်း သမ္မတရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတအနေဖြင့် တပ်မတော်မှထိပ်တန်းတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက် တွင် ဆက်လက်ဖော်ပြထားသည်။

ယခုအခါ အတိုက်အခံပါတီဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီခေါင်းဆောင် ခါလေဒါဇီယာသည် အကျဉ်းထောင်မှပြန်လွတ်လာပြီဖြစ်ကြောင်း ထိုပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောသည်။

ဝန်ကြီးချုပ် ဟာဆီနာ နုတ်ထွက်သွားပြီးနောက် ကြားဖြတ်အစိုးရတစ်ရပ်ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကြည်းတပ်ဦးစီးချုပ် ဝေကာအူဇာမန်က ပြောသည်။

ရှိတ်ဟာဆီနာသည် ၂၀၀၉ ခုနှစ် က တည်းက ဝန်ကြီးချုပ်အဖြစ် အကြိမ်ကြိမ်တာဝန်ယူခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇန်နဝါရီလ ရွေးကောက်ပွဲတွင်လည်း ၎င်းသာ ဆက်လက်အနိုင်ရရှိသည့်အတွက် ရွေးကောက်ပွဲလိမ်လည်မှု များရှိသည်ဟု ဝေဖန်စွပ်စွဲမှုများနှင့် ရင်ဆိုင် ရကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ