တံတားပြင်မရအောင် KNU က ဒရုန်းဗုံးဖြင့် တိုက်ခိုက်နေသဖြင့် ကျုံအိတ်တံတားပြုပြင်မှု ခေတ္တရပ်ဆိုင်းထားရ


(ပြည်တွင်း) မေ ၁၄

ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အစပ် ကျုံအိတ်တံတားအား KNU တပ်မဟာ ၁ နဲ့ PDF အဖွဲ့တွေက မေလ ၁၁ ရက်နေ့ မနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက် ဖောက်ခွဲဖျက်စီးခဲ့သည့်အတွက် ကွန်ဂရိတံတားတစ်ခြမ်းနှင့် ဘေလီတစ်ခြမ်းပါ ပြိုကျပျက်ဆီးသွားခဲ့ပြီး ယာဥ်လမ်းကြောင်းမှာ ယနေ့အထိ ပြတ်တောက်နေဆဲဖြစ် သည်။

သောင်းကျန်းသူများနှင့်အကြမ်းဖက်သမားများ၏ ဖောက်ခွဲမှုကြောင့် တံတား၏ ကမ်းကပ်ခုံပြိုကျပျက်စီးသွားခဲ့သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ လူနှင့် ကုန်စည်စီးဆင်း သွားလာမှုမပြတ်တောက်ရန် လမ်းဦးစီးအဖွဲ့နှင့် ရွှေသံလွင်ကုမ္ပဏီက ယာယီလမ်းလွဲပြုလုပ်နေသော်လည်း KNU မှ ယင်းနေရာသို့ ဒရုန်းဗုံးများဖြင့် နေ့စဥ်လာရောက်တိုက်ခိုက်နေသည့်အတွက် တံတားပြုပြင်မှုကို ဆက်လက်မလုပ်ဆောင်တော့ပဲ ခေတ္တရပ်ဆိုင်းထားရကြောင်း သိရသည်။

ကျုံအိတ်တံတားအား KNU /PDF များမှဖောက်ခွဲခဲ့ ပြီး KNU တပ်မဟာ ၁ နယ်မြေဖြစ်သည့် ဒေါက်ရပ်၊ရွှေရောင်ပြအတွင်းလမ်းမှတစ်ဆင့် သထုံမြို့နယ်၊မိုးကောင်း၊ ဖော်ဖလမ်းဖက်သို့ သွားလာ နေကြရပြီး KNUထိန်းချုပ်နယ်မြေအတွင်းဖြတ်သန်းသွားလာလျှက်ရှိသော အိမ်စီးကား/ကားငယ်/အံစာတုံးယာဥ်များအား KNU/PDFအဖွဲ့များမှ တစ်စီးလျှင်၆၀၀၀ကျပ်မှ ၁၀၀၀၀ ကျပ်၊ ကုန်တင် ယာဥ်နှင့် ခရီးသည်တင်မှန်လုံကားကြီးများအား ၁၅၀၀၀ ကျပ်နှုန်းကောက်ခံနေကြောင်း သိရသည်။

ယင်းအပြင် ခရီးသွားကားများအား ရှာဖွေခြင်း စစ်ဆေးမေးမြန်းခြင်း ဖမ်းဆီးခြင်းများလည်းပြုလုပ်နေကြောင်း ခရီးသွားများ၏ ပြောဆိုချက်များအရ သိရသည်။

“ရန်ပုံငွေထည့်သွားပါအုံးဆိုပြီးတောင်းတယ်။ မှတ်ပုံတင်တောင်းကြည့်တယ်၊ ကားမှန်ချခိုင်းတယ်၊ အထဲထိတိုးဝင်ပြီးရှာတယ်။ ကိုယ်လည်း မကြည့်ရဲဘူး။ သူတို့ကမျက်နှာတွေလိုက်ပြီး မသင်ကာရင်ဆင်းခိုင်းတယ်။ ကျွန်တော့်ကားမှာတော့ ဘာမှမဖြသ်ဘူး အနောက်ကားက ၂ ယောက်ကို ခေါ်သွားတယ် ဘာကြောင့်လဲတော့မသိဘူး၊ ကျွန်တော်လည်း ဒါတောက်ဆုံးခေါက်ပဲ လမ်းကောင်းမှ ပြန်ဆွဲတော့မယ် “ခရီးသည်တင် ယာဥ်ငယ်မောင်းနှင်သူတစ်ဦးက ၎င်းကြုံံတွေခဲ့ရမှုအား ယခုကဲ့သို့ ပြောသည်။

ကျုံအိတ်တံတား အမြန်ဆုံးပြုပြင်နိုင်ရန်အတွက် သက်ဆိုင်ရာ ကုမ္ပဏီနှင့် လမ်းဦးစီးအဖွဲ့များက မေလ ၁၄ ရက်နေ့ကစပြီး မြေသယ်၂စီး ဘက်ဟိုးနှစ်စီးနှင့် ပြုပြင်ဆောင်ရွက်နေရာ ၅ ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီဖြ​စ်သော်လည်း တံတားပြန်လည်ကောင်းမွန်ပါက KNU/PDF တို့မှ ငွေကြေးကောက်ခံ၍ ရတော့မည်မဟုတ်သည်အတွက် ပြန်လည်ပြုပြင်တည်ဆောက်နေသော ကျုံအိတ်တံတား အား Drop Bomb များဖြင့် နေ့စဥ်လာရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ မေလ ၁၄ ရက်နေ့တွင်လည်း KNU /PDF များမှ Drop Bomb ၃ လုံးချ တိုက်ခိုက်ခဲ့သော်လည်း ၂ လုံးမှာ လုပ်ငန်းကားများ ရပ်နားရာနေရာတွင် ကျရောက်ခဲ့ပြီး ထိခိုက်မှုမရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/22561

PAN

AMT #SZ