(ပြည်တွင်း) မေ ၁၁
မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အစပ်မှာရှိတဲ့ ကျုံအိတ်တံတားကို KNU လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ PDF အကြမ်းဖက်အဖွဲ့တွေက ယနေ့မနက်ပိုင်းအစောပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့ကြသည့်အတွက် တံတားပြိုးကျကာ ဆက်သွယ်ရေးပြတ်တောက်နေကြောင်း သိရသည်။
ယနေ့ မေလ ၁၁ ရက်နေ့ မနက် ၂ နာရီ ၄၀ မိနစ်အချိန်ခန့်က ကျုံအိတ်တံတားတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား KNU/PDF အကြမ်းဖက်များမှ drone ဖြင့် drop bomb ချတိုက်ခိုက်ခြင်း မြေပြင်မှ လက်နက်ကြီး/ငယ်များဖြင့် ဝိုင်ဝန်းတိုက်ခိုက်ခဲ့ကြပြီး ၄ နာရီ ၄၅ မိနစ်ချိန်ခန့်တွင် တံတားအားမိုင်းခွဲဖျက်ဆီးသွားခဲ့ခြင်းကြောင်း သိရသည်။
“ရန်ကုန်သွားဖို့ပါ မနက်ဖြန်ဆေးခန်းကရက်ချိန်းယူထားပြီးပြီ ခုပြန်လှည့်ရတော့မယ်လေ သွားလို့မရတော့ဘူး။ ပြည်သူကိုတမင် ဒုက္ခရောက်အောင်လုပ်တာ။ သူတို့လုပ်ရပ်က လွဲနေပြီ။ သူတို့က မသွားစေချင်လို့ဖျက်ဆီးလိုက်မှတော့ မပြင်ပေးပါနဲ့ ုဒီအတိုင်းပဲထားပေးဖို့ ပြည်နယ်အစိုးရကိုရော ပြည်ထောင်စုအစိုးရကိုပါတောင်းဆိုချင်ပါတယ်” ဟု ရန်ကုန်ကိုဆေးဝါးသွားရောက်ကုသမည့် ဖက်တန်းရပ်ကွက်တွင်နေထိုင်သည့် ဦးစိန်မောင် ဆိုသူကပြောသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဇွန်လ (၂၉) ရက် နံနက် (၄) နာရီခွဲအချိန်ခန့်က သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် – မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတား အား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ တံတားမိုင်းခွဲခံရသည့်အတွက် တံတားတစ်ခြမ်းပြိုကျပျက်ဆီးခဲ့ကြောင်း၊ တံတားကျိုးကျချိန်တွင် အိမ်စီးကား သုံးစီးပျက်ဆီးခဲ့ရာ နှစ်စီးမှာ ချောင်းအတွင်းပြုတ်ကျပျက်ဆီးခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ရင်းနှီးမြှပ်နှံထားရတာက တစ်ရက်လွန်တာနဲ့ တစ်ရက်ရှုံးတယ် တစ်ရက်ရှုံးရင် သိန်းနဲ့ချီရှုံးတာပါ။ လုံးဝဖြတ်တောက်ချင်တယ်ဆိုရင်လည်း ဒါဆိုရင် ကျွန်တော်တို့ ပို့ကုန်လုပ်ငန်းသမားတွေရပ်လိုက်မယ်။ ဘယ်သူတွေထိခိုက်မလဲ ပြည်သူတွေပဲ ခါးစည်းခံရမှာလေ။ ခုလိုလုပ်လိုက်လို့ ဘယ်သူတွေဝမ်းသာကြတာ ခင်ဗျားတွေ့လည်း။ ဘာတွေအမြတ်ရသွားလဲ။ ဒါတွေကအဓိပ္ပါယ်မရှိတဲ့အလုပ်တွေလို့ပဲပြောချင်တယ်” ဆိုပြီး အမည်မဖော်လိုတဲ့ ရေထွက်ကုန်ပစ္စည်းတင်ပို့ရောင်းချသူ လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထို့နောက် ဇွန်လ (၂၉) ရက် နံနက် (၆) နာရီဝန်းကျင်အချိန်ခန့်တွင် မိုင်းခွဲခံရပြီးနောက် ထိခိုက်ပျက်ဆီးခဲ့သည့် ကျုံအိတ်တံတားအား စစ်ဆေးရန်လာရောက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ထပ်မံတိုက်ခိုက်ခံရပြီး သထုံခရိုင်လမ်းဦးစီးမှူး တစ်ဦးသေဆုံးကာ (၂၈) ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတားအား ယာယီဘေလီတံတားထိုးရန် တံတားတည်ဆောက်ရေးအဖွဲ့များက လုပ်ဆောင်နေစဉ် (၈) ကြိမ်ထက်မနည်း Drop Bomb ချတိုက်ခိုက်ခံခဲ့ရသော်လည်း (၂၀၂၃) ခုနှစ် ဇူလိုင်လ (၂၆) ရက်တွင် ယာယီဘေလီတံတားထိုးနိုင်ခဲ့ပြီး မော်တော်ယာဉ်များ ပုံမှန်နီးပါး ပြန်လည်သွားလာနိုင်ခဲ့ကြောင်း သိရသည်။
#PAN