ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်၍ ယူကရိန်းသို အကူအညီများ ထပ်မံပေးအပ်မည်ဟု ဗြိတိန်ပြော


(နိုင်ငံတကာ) ဧပြီ ၂၅

ဗြိတိန်အနေဖြင့် နိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်၍ ယူကရိန်းသို့ အကူအညီများထပ်မံပေးအပ်မည် ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနတ် က ပြောသည်။

ဗြိတိန်အစိုးရသည် ယူကရိန်းသို့ အကူအညီအဖြစ် စတာလင်ပေါင် သန်း ၅၅၀ (ဒေါ်လာ သန်း ၆၂၀ ခန့်) ထပ်မံပေးအပ်မည်ဖြစ်ကြောင်း ပိုလန်နိုင်ငံ ဝါဆောမြို့သို့ ရောက်ရှိပြီးနောက် ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်၊ နေတိုးအဖွဲ့အကြီးအကဲ ဂျန်စတိုတန်ဘာ့ဂ်တို့နှင့် ဧပြီလ ၂၃ ရက် က တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခြင်း ဖြစ်သည်။

ထို့ပြင် ဗြိတိန်အစိုးရအနေဖြင့်လည်း လာမည့် ၂၀၃၀ ပြည့်နှစ်ခန့် တွင် နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံ့ဂျီဒီပီ၏ ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးမြှင့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗြိတိန်အစိုးရသည် နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို ဆက်လက်တိုးမြှင့်လိုက်မည်ဆိုပါက ယင်းနိုင်ငံသည် နေတိုးအဖွဲဝင်နိုင်ငံများအနက် အမေရိကန်ပြီးနောက် ကာကွယ်ရေးအသုံးစရိတ် အများဆုံးအသုံးပြုသည့် ထိပ်တန်း နိုင်ငံတစ်နိုင်ငံဖြစ်လာမည်ဖြစ်သည်။

အဆိုပါခရီးစဉ်အတွင်း ယူကရိန်းနိုင်ငံအတွက် ဗြိတိန်နိုင်ငံ၏ အကြီးမားဆုံး အကူအညီအဖြစ် Storm Shadow တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များ အပါအဝင်လေကြောင်း ကာကွယ်ရေး ဒုံးကျည် အစင်းပေါင်း ၁,၆၀၀ ကျော်၊ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးယာဉ် အစင်းပေါင်း ၄၀၀ ကျော်နှင့် လက်နက်ငယ်ကျည် နှင့်ခဲယမ်းအရေအတွက် လေးသန်းနီးပါးပေးအပ်မည်ဟု ဝန်ကြီးချုပ် ဆူနတ်က ကြေညာခဲ့ကြောင်း ST သတင်းဌာန တွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews/22006

PAN