အနောက်အုပ်စုလက်နက်များထားရှိရာ ယူကရိန်းစခန်းများကို ရုရှားက ပြင်းထန်စွာတိုက်ခိုက်မည်ဟု ကာကွယ်ရေးဝန်ကြီးပြောကြား


(နိုင်ငံတကာ) ဧပြီ ၂၅

အနောက်အုပ်စုက ဖြည့်ဆည်းပေးသည့် လက်နက်များထားရှိရာ ယူကရိန်းလက်နက်သိုလှောင်ရေး စခန်းများကို ပြင်းထန်စွာတိုက်ခိုက်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှီဂူ က ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံအနေဖြင့် အနောက်အုပ်စု၏ လက်နက်များ သာလွန်ကောင်းမွန်သည်ဟူသော အမြင်များကို ဖျက်ဆီးမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှီဂူ က ရုရှားထိပ်တန်း တပ်မှူးများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုနည်းတူ ရုရှားတပ်များအနေဖြင့် မိုင် ၆၀၀ ရှည်လျားသော ယူကရိန်းရှေ့တန်းနယ်မြေတစ်လျှောက်၌ စစ်ရေးအရ အသာစီးရထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းအတွက် စစ်ရေးအကူအညီများပေးအပ်ရေး ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုပေးခဲ့ပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီး၏ သတိပေးချက်များ ပေါ်ထွက်လာခြင်းဖြစ်သည်။ အမေရိကန် နှင့် မဟာမိတ်များ၏ ခြိမ်းခြောက်မှုအတိုင်းအဆအရ ရုရှားနိုင်ငံအနေဖြင့် လက်နက်ကိုင်တပ်များ ဖွဲစည်း တည်ဆောက်ပုံကို မြှင့်တင်၍ အဆင့်မြင့်လက်နက်များ တည်ဆောက်ထုတ်လုပ်မှုကိုလည်း မြှင့်တင်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်အောက်လွှတ်တော်သည် ယူကရိန်းအတွက် စစ်ရေးအကူအညီပေးအပ်ရေး ဥပဒေကြမ်းကို ဧပြီလ ၂၀ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews/21997

PAN