ရခိုင် AA ကို ဘူးသီးတောင် ဘင်္ဂါလီက ဆန္ဒပြ

(ပြည်တွင်း) ဧပြီ ၁၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီကျေးရွာများဖြစ်သည့် ကွန်တိုင်ရွာကြီး၊ ရွက်ညိုတောင်ကျေးရွာနှင့် ဦးလှဖေကျေးရွာများအတွင်းသို့ ဧပြီ ၁၂ ရက် ညနေ ၃ နာရီခွဲခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာများအတွင်းရှိ ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များနှင့် ဈေးဆိုင်များ မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါကျေးရွာများနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီလူမျိုး ကျေးရွာသူ၊ ကျေးရွာသားများ စုစုပေါင်း ၃၀၀၀ ကျော်ခန့်သည် ၎င်းတို့၏ ကျေးရွာများအား စွန့်ခွာ၍ ဘူးသီးတောင်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရလျက်ရှိကြောင်း သိရှိရသည်။


ယင်းသို့ အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် အဆိုပါကျေးရွာများမှ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကိုလိုလားသည့် ဘင်္ဂါလီလူမျိုး အမျိုးသား၊ အမျိုးသမီးစုစုပေါင်းအင်အား ၂၀၀၀ ကျော်ခန့်သည် ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ငြိမ်းချမ်းစွာ စုဝေးရောက်ရှိလာပြီး “AA အလိုမရှိ၊ မွတ်ဆလင်များအား လူသားဒိုင်းပြုလုပ်မှု ချက်ချင်းရပ်၊ မွတ်ဆလင် ကျေးရွာများအား မီးရှို့ဖျက်ဆီးမှု ချက်ချင်းရပ်၊ မွတ်ဆလင်များအား လူမျိုးတုန်း သတ်ဖြတ်မှု ချက်ချင်းရပ်” စသည့် စာသားများပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်၍ မေယုလမ်းမကြီး၊ ၎င်းမှ ဓညဝတီလမ်းအတိုင်း နာရီစင်လမ်းဆုံ၊ ထိုမှတစ်ဆင့် ဦးဥတ္တမလမ်းအတိုင်း နတ်ပင်ရင်းလမ်းဆုံ၊ ၎င်းမှတစ်ဆင့် မေယုလမ်းမကြီးအတိုင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

#PAN