အစ္စရေးနိုင်ငံကို တိုက်ခိုက်မည့်ကြံရွယ်မှုများအား ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် အီရန်နိုင်ငံကို ဂျိုးဘိုင်ဒင် ပြင်းပြင်းထန်ထန်သတိပေး


ဧပြီ ၁၄

ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးကို ဧပြီလ ၁ ရက်က ဒုံးကျည်ပစ်ခတ်တိုက်ခိုက်မှုနှင့် ဆက်စပ်ပြီး အစ္စရေး နိုင်ငံ ကို တိုက်ခိုက်မည့် ကြံရွယ်မှုများအား ဆက်လက်မလုပ်ဆောင်ရန် အီရန်နိုင်ငံကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ပြင်းပြင်းထန်ထန်အသိပေးပြောကြားလိုက်ကြောင်း အင်န်အိတ်ချ် ကေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက်သေဆုံးမှုဖြစ်ပေါ်ခဲ့သော အဆိုပါတိုက်ခိုက်မှုအတွက် အီရန်က အစ္စရေးကို ပြစ်တင်လိုက်ပြီး လက်တုံပြန်သွားမယ်လိုလည်း ဆုံးဖြတ်ထားကြောင်း သိရသည်။

သောကြာနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အစ္စရေးကို အီရန်နိုင်ငံ၏တိုက်ခိုက်မှု မည့်သည့်အချိန်တွင်ဖြစ်နိုင်ကြောင်း သမ္မတ ဘိုင်ဒင် ကို မေးမြန်းရာ၌ ၎င်းက ‘အနှေးနှင့်အမြန်’ တိုက်ခိုက်မှုများဆောင်ရွက်နိုင်တယ်လို့ ခန့်မှန်းကြောင်း ဖြေကြားခဲ့သည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုက အစ္စရေးနိုင်ငံ၏ ကာကွယ်ရေးကို အလေးထားဆောင်ရွက်လျက် ရှိသောကြောင့် အီရန်နိုင်ငံအနေဖြင့် အောင်မြင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အီရန်နိုင်ငံက အစ္စရေးနိုင်ငံကို တိုက်ခိုက်မှုမှာ အမှန်တကယ်ဖြစ်ဟန်ရှိပြီး အလားအလာရှိသော ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း အိမ်ဖြူတော်အမျိုးသား လုံခြုံရေးအကြံပေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ က သတင်းထောက် များအား ပြောသည်။

ထိုပြင် အမေရိကန်နိုင်ငံက အခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

တာဝန်ရှိသူအများအပြား၏ ပြောကြားချက်များကို ကိုးကားပြီး စီဘီအက်စ်သတင်းဌာနတွင် နိုင်ငံ အတွင်းရှိ စစ်ရေးပစ်မှတ်များကို ရည်ရွယ်ကာ အစ္စရေး နိုင်ငံအား အီရန်နိုင်ငံ၏ ကြီးမားသောတိုက်ခိုက်မှုတွင် ဒရုန်းပေါင်း ၁၀၀ ကျော်နှင့် ဒုံးကျည်ပေါင်း ဒါဇင်ချီပါဝင်နိုင်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။

ဧပြီလ ၁၃ ရက်တွင် ဟစ်ဇ်ဘိုလာများက လက်ဘနွန်နိုင်ငံအတွင်းမှ ဒုံးကျည် အစင်း ၄၀ ဖြင့် အစ္စရေးသို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အီရန်နိုင်ငံကလည်း ဒုံးကျည်များနှင့်ဒရုန်းများကို အသုံးပြုကာ တိုက်ခိုက်ခဲ့ပြီး အစ္စရေးနိုင်ငံရဲ့ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် အီရန်ပြည်သူများက အောင်ပွဲခံနေ တာကို တွေ့ရကြောင်း သတင်းဌာနများက ဖော်ပြထားပါတယ်။

Telegram Link>>…
https://t.me/positiveanglenews/21695

PAN